
ဂရိစာရေးဆရာကြီး ဟိုးမားဟာ ဂန္ဓဝင် ကဗျာရှည်ကြီး ၂ပုဒ် ရေးခဲ့ပါတယ်။ တပုဒ်က အိုဒက်ဆီ(Odyssey) ဖြစ်ပြီး ကျန်တပုဒ်က အိလိယက် (Iliad)ဖြစ်ပါတယ်။ အရင်တလောက အိုဒက်ဆီနဲ့ ဆက်စပ်တဲ့ စာစုတင်ပြပြီးတဲ့နောက် ယခုတခေါက်မှာတော့ Iliad အကြောင်းနဲနဲ ရေး လိုပါတယ်။
အိလိယက် နှင့် အိုဒက်ဆီ ဟာ ဘီစီ ၁၂၀၀ ခန့်ကဖြစ်ပွါးခဲ့တယ်လို့ယူဆရတဲ့ ထရိုဂျန်စစ်ပွဲများ အတွင်းမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်များကို ဖွဲ့ဆိုခဲ့တာပါ။ အိုဒက်ဆီဟာ ထရွိုင်မြို့ပြနိုင်ငံကို အနိုင်တိုက်နိုင်ပြီး အိမ်ပြန်လာတဲ့ ဂရိစစ်သူကြီး အိုဒီးဆပ် ရဲ့ ၁၀နှစ်တာ အိမ်ပြန်လမ်းက ဖြစ်စဉ်တွေကို ဖွဲ့ဆိုခဲ့တာဖြစ်ပြီး အိလိယက်ကတော့ စစ်ပွဲကာလမှဖြစ်စဉ်များကို ဖွဲ့ဆိုထားခြင်း ဖြစ်ပါတယ်။
အိလိယက်ရဲ့ အဓိက ဇာတ်ဆောင်ကတော့ ဂရိစစ်သူကြီး အာခီးလီး ( Achilles) ဖြစ်ပါတယ်။ ဒီဇာတ်ကြောင်းကို ဟောလီဝုဒ်က ထရွိုင် ဆိုတဲ့ရုပ်ရှင် ၂၀၀၄ ကရိုက်ခဲ့ပါတယ်။ အဓိကဇာတ်ဆောင် အာခီးလီး အနေနဲ့ နံမည်ကျော်မင်းသား ဘရက်ပစ် ကသရုပ်ဆောင်ခဲ့ပါတယ်။ ထုံးစံအတိုင်း လူဝင်များအောင် ရုပ်ရှင်အနေနဲ့ရိုက်ရတာမို့ မူရင်း ကဗျာ နဲ့စာရင် ဇာတ်လမ်း အသေးစိတ်လေးများမှာတော့ နဲနဲပြောင်းထားပါတယ်။ နောက်ပြီးတော့ အိုဒက်ဆီ လိုမဟုတ်ဘဲ ရုပ်ရှင်နံမည်ကို မူရင်း ကဗျာနံမည် အိလိယက် ပြန်မပေးဘဲ ထရွိုင် လို့ပေးထားလိုက် တဲ့အတွက် လူအတော်များက ကဗျာနှင့် ရုပ်ရှင်ကို မဆက်စပ်မိခဲ့ပါဘူး။
ပုံပြင်ပါ ဂရိသူရဲကောင်း အာခီးလီးဟာ ဂရိနတ်များ ဖြစ်တဲ့ ပီးလီးရပ်နဲ့သီးတစ် တို့ကမွေးသူဖြစ်ပါတယ်။ သူ့ကိုမွေးပြီးချိန်မှာ နတ်ရေကန်ထဲကိုစိမ်ပေးလိုက်တဲ့အတွက် သူ့တကိုယ်လုံးဟာ ဓားပီး ဒုတ်ပီးဖြစ်ပြီး ဘယ်လက်နက်နဲ့မှမသေနိုင်တော့ပေမဲ့ မွေးကင်းစကို ခြေထောက်ကဆွဲကိုင်ပြီး ဇောက်ထိုးနှစ်ပေးလိုက်တာဖြစ်တဲ့အတွက် သူ့ရဲ့ ခြေဖနောင့်နေရာကတော့ ရေမထိလိုက်ဘူးဖြစ်သွားပါတယ်။ ဒါကြောင့် ခန္ဒာကိုယ်တခုလုံးမှာ အဲဒီနေရာတကွက်လေးကတော့ ဒုတ်၊ဓား မပီးဘဲလူသာမန်လိုဘဲရှိနေပါတယ်။ ဒါကိုယ်တော့ သူကလူများမသိအောင် ထိပ်တန်းလျှို့ဝှက်အနေနဲ့ ဖုံးထားပါတယ်။
ကျွန်တော်တို့ လူခန္ဒာကိုယ်မှာ ခြေဖနောင့်ကြွက်သားရွတ်ကို အာခီလီးကြွက်သားရွတ် ( Achilles tendon) လို့ခေါ်ပါတယ် ။ ဆေးကျောင်းသားဘဝ ဒုတိယနှစ်မှာ ခန္ဒာဗေဓ ဘာသာသင်ခဲ့ရစဉ် လူသေကောင် ခွဲနေတုံး dissection room ဆရာက “ မင်းတို့ ဒီ tendon ကို ဘာလို့ Achilles tendon လိုခေါ်တာလဲ၊ သူ့ရာဇဝင်ကိုသိလား” ဆိုတော့ ကျွန်တော်တို့ နှုတ်ပိတ်နေခဲ့တာ ကိုအမှတ်ရမိပါသေးတယ်။

ထရွိုင်မြို့ကို ဂရိစစ်တပ်ကြီးက သွားတိုက်ရာမှာ အာခီးလီးပါတဲ့ စစ်ကြောင်းကိုဘယ်သူမှမနိုင်ပါဘူး။ အာခီးလီးဟာ မြှား၊ဓား ထိုးမပေါက်ပါ။ ဒါပေမဲ့ ဂရိတပ်တခုလုံးရဲ့ခေါင်းဆောင် အယ်ဂါမယ်မွန်နဲ့ သဘောထားကွဲပြီး ဝင်မတိုက်ပေးတော့ဘဲ ဘေးထွက်ထိုင်နေတာ သူ့အချစ်ဆုံးသူငယ်ချင်း ပက်ထရိုကလပ် ကျဆုံးတဲ့အထိပါဘဲ။ အဲဒီအခါ ကျမှ သူငယ်ချင်းအတွက်လက်စားခြေမယ်ဆိုပြီး အာခီလီးဟာ ထရွိုင်ကိုပြန်စဝင်တိုက်ပါတယ်။
ဒါပေမဲ့ အဲ့ဒီ့အချ်န်မှာ အာခီးလီးရဲ့ လျို့ဝှက်ချက် ဟာပေါက်ကြားနေခဲ့ပြီး ထရွိုင်မင်းသား ပဲရစ် ( ဟယ်လင့်ကိုခိုးပြေးသူ) က အာခီးလီးကို ဘယ်လို အနိုင်ရနိုင်လဲဆိုတာသိသွားပါတယ်။ သူဟာ မျှားထိပ်ဖူးကို အဆိပ်ဆွတ်ပြီး မျှားကို အာခီးလီးရဲ့ ခြေဖနောင့်ကြွက်သားရွတ် ကိုသာချိန်တွယ်ပစ်ခတ်ခဲ့ပါတယ်။ အဲလိုနဲ့ နောက်ဆုံးမှာ အာခီးလီးဟာ တိုက်ပွဲကျခဲ့ပါတယ်။ ဒါပေမဲ့ အိုဒီးဆပ်ရဲ့ ထရိုဂျန် မြင်းရုပ်ကြီး နဲ့ လှည့်ကွက် လုပ်ရပ်ကြောင့် အဆုံးမှာတော့ ဂရိစစ်တပ်ဟာ ထရွိုင်မြို့ကိုသိမ်းနိုင်ခဲ့ပါတယ်။

အရှေ့တိုင်းယဉ်ကျေးမှုမှာလဲ အိန္ဒိယတိုက်မှာပေါ်ထွန်းခဲ့တဲ့ မဟာဘာရတ ( Mahabharata) ဂန္ဓဝင် ကဗျာရှည်ကြီးဟာလဲ ကူရူရှီတာ စစ်ပွဲများ ဆိုတဲ့ အိန္ဒိယ မြို့ပြနိုင်ငံ ၂ခုကြားဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ဇာတ်လမ်းဖွဲ့ရေးဆိုခဲ့တာပါ။စစ်ပွဲက ဘီစီ ၁၀၀၀ ခန့်မှာဖြစ်ခဲ့ပေမဲ့ ကဗျာကတော့ ဘီစီ ၄၀၀- အေဒီ ၄၀၀ ပါတ်ဝန်းကျင်မှာပေါ်ခဲ့တာလို့မှန်းပါတယ်။ အိလိယတ် ထက်နောက်ကျပါတယ်။ ဒါကြောင့်တချို့က မဟာဘာရတ ဟာ အိလိယတ် ကို မမှီငြမ်းတောင် အငွေ့အသက်တွေ တွေပါလောက်တယ်လို့ထင်မြင်ချက်ပေးပါတယ်။ အဲဒီအချက် ဖြစ်နိုင်မဖြစ်နိုင်ဆိုခြင်းဟာတော့ ပါရဂူဘွဲ့ယူရန် စာတမ်း တင်သွင်းနိုင်လောက်တဲ့ နက်နဲသော ခေါင်းစဉ် တခု ဖြစ်ပြီး သမိုင်းပညာရှင်တွေက ခုထိအကြီးကျယ်ငြင်းခုန်နေတုံးပါ။ သမိုင်းတွင်ထင်ရှားသည့် ဂရိစစ်ဘုရင် အလက်ဇန်းဒါး ( Alexander the Great) ဟာ ယနေ့ခေတ် တူရကီ၊အီရန်၊အာဖဂန်နစ္စတန် နယ်မြေတွေကို စစ်နိုင်သိမ်းပိုက်နိုင်ခဲ့ပြီး ဘီစီ ၃၂၅ ပါတ်ဝန်းကျင်မှာ သူ့ရဲ့ စစ်ဦးဟာ အိန္ဒိယ မြောက်ပိုင်းဒေသတွေထိ ရောက်လာခဲ့ပါတယ်။ ထိုနယ်မြေများကို ကြာရှည်စွာ မသိမ်းပိုက်နိုင် ထားနိုင်ခဲ့ သော်လည်း သစ္စာခံ နယ်စား ပယ်စားများခန့်ထားခဲ့ ပြီးပြန်ဆုတ်သွားခဲ့ပါတယ်။ ထိုစဉ်က ဂရိစစ်တပ်နှင့် ပါလာတဲ့စစ်သား များမှ တဆင့် အိလီးယတ် ဆိုသော ဂရိ ဒဏ္ဍာရီကို အိန္ဒိယသားများ ကြားဖူးသွားခြင်း ဖြစ်နိုင် သည်ဟု အချို့ကသုံးသပ်ပါသည်။
ဂရိစစ်ဘုရင် အလက်ဇန်းဒါးသည် အထက်ပါအတိုင်း အာရှဒေသ တချို့ထိရောက်ခဲ့ပြီး ပြန်အဆုတ်တွင် သူ့စစ်သူကြီးတချို့ကို နယ်စား၊ပယ်စား များ အဖြစ် ချန်ထားပြီးသစ္စာခံအုပ်ချုပ်စေခဲ့ပါတယ်။ အဲဒီသူများ ထဲမှ တဦးကတော့ ဘီစီ ၁၅၀ ခန့်မှာရှိခဲ့တဲ့ မိလိန္ဒဘုရင် ( King Melinda/Meanander) ဖြစ်ပါတယ်။ ဒီနံမည်ဟာ ဂရိဖက်က ရှေးဟောင်းမှတ်တမ်းတွေထဲမှာအတိအကျ ပါပါတယ်။ ဗုဒ္ဓဘာသာ သမိုင်းမှာ မိလိန္ဒဘုရင်ဟာ ဂရိနတ်ကိုးကွယ်မှုဘာသာ ( Hellenism) ကနေ ဗုဒ္ဓဘာသာ ကိုကူးပြောင်းလာသူအဖြစ် ထင်ရှားပါတယ်။ ထိုစဉ်က ခရစ်ယန်ဘာသာ မပေါ်သေးပါ။ ယေရှု မမွေးသေးပါ။ မိလိန္ဒမင်းကြီး၏ သိလိုသော မေးခွန်းမှန်သမျှကို ကျေနပ်လောက်အောင် ဖြေပြနိုင်လို့ ကြည်ညိုသွားပြီး မင်းကြီးကို ဘာသာပြောင်းစေခဲ့တဲ့ ဗုဒ္ဓဘာသာရဟန်းတော်ကတော့ ရှင်နာဂသိန် ( Venerable Ashin Nagasena) ဖြစ်ပါတယ်။ မင်းကြီးနဲ့ အရှင်နာဂသိန် ရဲ့အမေးအဖြေတွေကိုမှတ်တမ်းပြုထားတဲ့ကျမ်းကတော့ မိလိန္ဓ ပဥုာ ( Milinda Panha) လို့အမည်တွင်ပါတယ်။ The Questions of King Milinda လို့ လဲခေါ်ပါတယ်။ မိလိန္ဒမင်းကြီးအုပ်စိုးခဲ့တဲ့နေရာ ဒေသကတော့ ယနေ့ခတ် ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ် ဆိုင်ရဲလ်ကော့ (Sialkot) ဆိုတဲ့မြို့နားတဝိုက်ဒေသတွေဖြစ်တယ်ဆိုတာ ရှေးဟောင်းသုတေသန တူးဖေါ်မှုတွေအရ လက်ခံထားကြပါတယ်။ မြန်မာ သမိုင်းတွေထဲမှာတော့ သာဂလမြို့လို့ရေးမှတ်ပြီး အင်္ဂလိပ်ဘာသာ စာအုပ်တွေမှာတော့ Sagala လို့ရေးမှတ်ကျပါတယ်။

ကျွန်တော်တို့ မြန်မာရာဇဝင်တွေမှာလဲ ဘုန်းကြီးပြီးဘယ်တော့မှ စစ်မရှုံးတဲ့ ဘုရင်တွေ ၊ စစ်သူကြီးတွေ ယတြာချေ ပြီးဘုန်းနိမ့်အောင်လုပ်ခံရမှ စစ်ရှုံးသွားတဲ့ သာဓက၊ ဒဏ္ဍာရီတွေ ရှိခဲ့ပါတယ်။ ဥပမာ – သီရိခေတ္တရာပြည်ကိုအုပ်စိုးခဲ့တဲ့ ဒွတ္တဘောင်မင်းဖြစ်ပါသည်။ သူသည် မွေးစဉ် ထဲက နတ်၊သိကြားများ ချီးမြှင့်ထား သော တန်ခိုးကြီး မှဲ့ရှင်နှင့် မွေးလာပါတယ်။ မှဲ့ရှင်၏ ကာကွယ်မှုကြောင့် အလွယ်တကူဘေးမခပါ။ ဒွတ္တဘောင်ဟာ ပန်ထွာမိဘုရား အုပ်ချုပ်တဲ့ ဗိဿနိုး မြို့ပြနိုင်ငံကိုသိမ်းပြီး ပန်ထွာမိဘုရားကို အဓမ္မသိမ်းယူ မိဘုရားမြှောက် ပေါင်းသင်းဆက်ဆံတယ်။ ပန်ထွာမိဘုရားဟာ အားမတန်လို့မာန်ရှော့ခဲရသော်လည်း စိတ်တွင်းမှာတော့မကြည်သာပါ။ တနေ့မှာ ပန်ထွာဘုရင်မ သုံးပြီးသားမျက်နှာသုတ်ပုဝါ တစုံကို ကိုလှည့်ဖျားပြီး ဒွတ္တဘောင်မင်းကို သုံးစေတာနဲ့ ဒွတ္တဘောင်မင်းလဲ ဘုန်းနိမ့်သွားပြီး မှဲ့ရှင်ကွယ်သွားပါသတဲ့။ ထို့နောက်တွင်တော့ အရေးနိမ့်ပြီးရင်းနိမ့်ပြီး နောက်ဆုံးမှာလှေနစ်ပြီး သေဆုံးခဲ့ရပါသည်။
သမိုင်းသုတေသီ ဒေါက်တာသန်းထွန်း အဆိုအရကတော့ ဒွတ္တဘောင်နဲ့ ပန်ထွာဇာတ်လမ်း သည် ဒဏ္ဍာရီဖြစ်ဖို့များပါသည်တဲ့။ တူးဖေါ်ရတဲ့ ရှေးဟောင်းပစ္စည်းတွေကို ရေဒီယို ကာဗွန် သက်တမ်းစစ်နည်း နဲ့စစ်ဆေးကြည့်ရာမှာ သီရိခေတ္တရာ နဲ့ ဗိဿနိုး ဟာခေတ်ပြိုင်မဟုတ်ခဲ့ပါတဲ့။ ဗိသနိုးဟာ အေဒီ ၁-၅ ရာစုမှာထွန်းကားခဲ့ပြီး သီရိခေတ္တရာက အေဒီ ၅-၉ ရာစုမှာထွန်းကားခဲ့ပါတယ်။ ပန်ထွာနဲ့ ဒွတ္တဘောင်ဟာ သူ့ခေတ်နဲ့သူရှိကောင်းရှိခဲ့နိုင်ပါတယ်။ သို့သော် နှစ် သုံး လေးရာခန့် ကွာပြီး သူတို့နှစ်ဦး ဆုံတွေ့ အိမ်ထောင်ကျ အောင်တိုက်ဆိုင်ဖို့ကတော့ ဖြစ်နိုင်ခြေနဲလွန်းပါတယ်တဲ့။ ချဲ့ကားခဲ့တဲ့ ပါးစပ်ရာဇဝင်ဖြစ်ဖို့များပါတယ်တဲ့။
ခုခေတ်လိုချရေးစရာ စာရွက်မပြောနဲ့ ပေရွက်တောင်မရှိသေးတဲ့ ကာလတွေမှာ နှုတ်တိုက်တဦးကနေ တဦးပြောပြီး သယ်ဆောင်လာရချိန်မှာ သမိုင်းဖြစ်ရပ်ဖြစ်ဖြစ်၊ ဘာသာရေး ဇာတ်လမိးတွေ သင်ကြားချက်တွေ ဖြစ်ဖြစ်ဟာ မူလနဲ့ကွဲပြားလာနိုင်ဖို့၊တခြားယဉ်ကျေးမှုတွေနဲ့ ကူးလူးရောနွှယ် လာနိုင်ဖို့ ဖြစ်နိုင်ခြေဟာ အတော်များတယ်လို့ ပြောတာတွေဟာ လက်ခံနိုင်စရာပါဘဲ။

ဗုဒ္ဓဘာသာ ကျန်းဂန်ဘုရားဟောကရော။ တတိယသံင်္ဃာယနာတင်ချိန်ထိ နှုတ်နဲ့မှတ်လာပြီးနောက်မှ သီဟိုဠ် ရဟန်းများက ချရေးခြင်းဖြစ်ပါသည်။ ထို့အပြင်မူလ ပိဋက္ကသုံးပုံ သည်လွန်စွာနကိနဲသဖြင့် တော်ရုံရဟန်း နားမလည်နိုင်သဖြင့် သီဟိုဠ်ဆရာတော်များက အဖွင့်ကျမ်းများ (ခက်ခဲသောမြန်မာစာလုံးများ အဓိပ္ပါယ်ကိုဖွင့်နိုင်ရန် ခက်ဆစ်ဆိုတာရှိခဲ့သလို) ကိုရေးခဲ့ပါသည်။ ထိုကျမ်းများကို အဌကထာဟုခေါ်ပါသည်။ ရေးသူရဲ့ ကိုယ်ပိုင်အမြင်၊ ပြန်ဆိုမှု ( personal interpretation) တွေ ပါလာဖို့ အတော်အခွင့်အလမ်း များပါသည်တဲ့ ။ တဖန် အေဒီ ၉၀၀-၁၀၀၀ ခန့်မှာ ရှင်ဗုဒ္ဓဂေါသ က အဌကထာသစ် ဆိုပြီး တခါပြန်ရေးပါသည်တဲ့။ ယခုခေတ် ပရိယတ္တိသင်ရိုးညွှန်းတန်း၊ ဘုန်းကြီးစာအတော်များသည် ထို အဌကထာများက်ု မှီငြမ်းထားရသည်ဖြစ်ပါရျ် မူလ ပိဋက္ကသုံးပုံနှင့် ထပ်တူကျမကျ၊ တကဲ့ ဘုရားဟောထဲမပါသည့် သုတ္တန်များကို စေတနာနှင့် အရိုသေလွန်အောင်နောက်ပေါက်သံဃာတော်ကြီး များက ထဲ့ထားခဲ့မှုရှိမရှိတို့မှာ အရေးကြီးသော စဉ်းစား စရာဖြစ်ပါသည်။ မူရင်း ပိဋက္ကတော်များကို ဖတ်နိုင်သော ဘုန်းကြီးလူထွက်တဦးက ရှင်းပြချင်းဖြစ်ရျ် ကျွန်တော်လဲသဘောတူမိပါသည်။ ဥပမာ – အထက်ပါ မိလိန္ဒကဉ္စာ သည် ဘုရားဟောမဟုတ်ပါ။ မူလ ပိဋက္ကသုံးပုံတွင်မပါပါ။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗါန်ပြုပြီးနောက် နှစ်၂၀၀-၃၀၀ ခန့်မှာဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများဖြစ်ပါသည်။ မူရင်းဘုရားဟော “ ကာလာမသုတ္တန်” – Kalama Sutta ထဲတွင်လဲ ဗုဒ္ဓ က သူများပြောတိုင်း၊ လူကြီးပြောတိုင်၊ သမိုင်းဖတ်စာထဲမှာပါတိုင်း မယုံရန်၊ မိမိဖါသာချင့်ချိန်စီစစ်ရျ် ယုံရန် သင်ကြားထားခဲ့သည်မဟုတ်ပါလော။
