
ပြီးခဲ့တဲ့ ၂-၃ ပါတ်က အိုဒက်ဆီ ဆိုတဲ့ ရုပ်ရှင်ရုံတင်ပါတယ်။ လူကြိုက်အရမ်းများနေပါတယ်။ အကယ်ဒမီချိန်လောက်တယ်လို့တစ်ပြေးနေပါတယ်။ မင်းသားက ဘုံး စီးရီး ရုပ်ရှင်များမှာ အဓိက ဇာတ်လိုက် ဂျေဆင်ဘုံးအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မက်ဒေမွန် ဖြစ်ပါတယ်။
လူကြိုက်များများ မများများ အိုဒက်ဆီကို ရုပ်ရှင်ရိုက်မယ်ဆိုတာ ကြားခဲ့ ကထဲက ဘဦးကစိတ်ဝင်စားနေပြီး သွားကြည့်မယ်မှန်းတဲ့အတိုင်းသွားကြည့်မိခဲ့ပါတယ်။ အကြောင်းရင်းကတော့ ၂ခုပါ။ ပထမ တခုကတော့ ကမ္ဘာ့သမိုင်း ကို ဝါသနာအလျောက် လေ့လာတတ်တဲ့ဘဦးအတွက် ကိုယ်ကြားဖူး၊ ဖတ်ဘူးထားတာတွေနဲ့ အများကြီးတိုက်ဆိုင်နေလို့နဲ့ ဒုတိယတချက်ကတော့ နွမ်းလျအိမ်ပြန် ဆိုသလို စစ်ပွဲအပြီးမှာ မိသားစုထံပြန်လာတဲ့ စစ်သည်ဟောင်းတဦးရဲ့ အိမ်ပြန်လမ်းကို ဖွဲ့ဆိုထားတဲ့ ဇာတ်ကြောင်းမို့ ခုခေတ် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နွေဦးတော်လှန်ရေးမှာ အိုးပစ် အိမ်ပစ်ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ၊ PDF နဲ့ ERO ညီအကို မောင်နှမတွေ၊ သူတို့အပြန်ကို မျှော်နေမဲ့ မိသားစုတွေရဲ့ဘဝတွေဆီကိုလဲ အတွေးစုက ရောက်သွားမိလို့ ဖြစ်ပါတယ်။
အိုဒက်ဆီ ရုပ်ရှင် ဟာ ဘီစီ ၁၂၀၀ ခန့် က ဖြစ်ခဲ့တဲ့ ထရိုဂျန်စစ်ပွဲများ (Trojan Wars) တွင်းက အဖြစ်အပျက်တွေကို ကဗျာအနေနဲ့ ရေးသားခဲ့တဲ့ ဂရိ စာရေးဆရာကြီး ဟိုးမားရဲ့ အိုဒက်ဆီ ဆိုတဲ့ ဂန္တဝင် ကဗျာရှည်ကြီးကို ဘာသာပြန်ထားတဲ့ ဝတ္တုကို ရုပ်ရှင်ရိုက်ထားတာပါ။ တကဲ့ကဗျာကိုတော့ ဘီစီ ၇၀၀ လောက်မှာ အသက်ထင်ရှားရှိခဲ့တဲ့ ဟိုးမားက သူမတိုင်ခင် နှစ်၅၀၀ တွင်းမှာ လက်ဆင့်ကမ်း ပြောခဲ့တဲ့ ပါးစပ်ရာဇဝင်တွေ ကိုအခြေခံပြီးချရေးခဲ့တာပါ။ ဒါတွေဟာ ဖြစ်ရပ်မှန်လားလို့စီစစ်ရင်တော့ တစိတ်တပိုင်းတော့မှန်ပါတယ်လို့ သမိုင်းပညာရှင်များကလက်ခံထားပေမဲ့ လက်ဆင့်ကမ်းလာတာဖြစ်တဲ့အတွက်နဲ့ ဟိုးမားဟာ အနုပညာမြောက်အောင် ( to be poetic) ချဲ့ထွင် ရေးသားမှုတွေလဲ ( artistic license) အများကြီးပါမယ်လို့ သမိုင်းသုတေသီများက ခံယူပါတယ်။ ဒါလဲဓမ္မတာပါဘဲ။ ဘီစီ ၁၂၀၀-၇၀၀( လွန်ခဲ့တဲ့ နှစ် ၃၇၀၀ – ၃၂၀၀ ခန့်) ကဖြစ်တာမပြောနဲ့ အေဒီ ၁၁၀၀ ခန့် ( လွန်ခဲ့တဲ့နှစ် ၉၀၀-၁၀၀၀) မှာဖြစ်ခဲ့တဲ့ အနော်ရထာလက်ထက် ပုဂံခေတ် ကိုမှတ်တမ်းတင်ထားတဲ့ဖြစ်ရပ်တချို့ဟာ လက်တွေ့မဆံဘဲ ဒဏ္ဏာရီ ဆံဆံ ဖြစ်နေတာတွေအများကြီးမဟုတ်ပါလား။ ကြုံတုံး နှိုင်းယှဉ်ပြောရရင် ဂေါတမ မြတ်စွာဘုရား အိန္ဒိယ မြောက်ပိုင်းမှာပွင့်ပေါ်ခဲ့တာဟာ ဘီစီ ၆၀၀ ပါတ်ဝန်းကျင်ဖြစ်ပါတယ်။ ဘုရားပွင့်ချိန် မှာ မြေထဲပင်လယ်ဒေသ တွင် ဂရိယဉ်ကျေးမှုထွန်းကား၊ မြ်ု့ပြနိုင်ငံငယ်တွေရှိနေပြီဖြစ်ပါသည်။ ဟိုးမားဟာ ဗုဒ္ဓဂေါတမ ထက် နှစ်တရာ ပိုစောပါတယ်။ ဗုဒ္ဒနဲ့ တပြိုင်ထဲလောက်မှာ ဖြစ်တည်ခဲ့သူကတော့ အေသင်မြို့သား ဂရိအတွေးခေါ်ရှင် ဆိုကရေးတီးဖြစ်ပါတယ်။
ဘာကြောင့်မှန်းမသ်ဘူး ဘဦးတို့ မဆလခေတ် ကျောင်းသုံးသမိုင်းစာအုပ်တွေမှာ Greek civilization အကြောင်းတွေကို “ ခေါမယဉ်ကျေးမှု” လို့ဘာသာပြန်ပြီးသင်ခံခဲ့ရတယ်။ နောက်မှ ကိုယ့်ဖာသာပြန်ဆက်စပ်ယူရတာ။ Roman civilization ကိုတော့ ရောမယဉ်ကျေးမှု လိုဘဲ သုံးတယ်တော်သေးတာပေါ့။ ကလီယိုပက်ထရာတို့၊ စပါးတကပ်တို့ ဂျူးလီယက်ဆီဇာ တို့ရဲ့ ရောမယဉ်ကျေးမှုဟာ ဂရိယဉ်ကျေးမှု ပြိုကွဲ ပြီးနောက်မှ ပေါ်ထွန်းခဲ့တာတော့ စာဖတ်သူတို့အသိပါဘဲ။
ထရိုဂျန်စစ်ပွဲများဆိုတာဟာ ဂရိမြို့ပြနိုင်ငံ စပါတာ၏ မိဘုရား ဟယ်လင်ကို ထရွိုင်မြို့ပြနိုင်ငံရဲ့ဘုရင် ပဲရစ် ကခိုးပြေး ပေါင်းသင်းယူ ( ဟယ်လင် ကိုယ်နှိုက်က သဘောကျပြီး အလိုတူလ်ုက်သွားခြင်း) တဲ့အတွက် ဟယ်လင်ရဲ့ယောကျ်ား ၊ စပါတာနိုင်ငံရဲ့ဘုရင် မနဲလပ် က ထရွိုင်ကိုသွားတိုက်ရာမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေဖြစ်ပါတယ်။ ဟယ်လင်ဟာ ဂရိနတ်မင်းကြီး ဇူးစ် ရဲ့ သမီးဖြစ်ပြီး ငယ်စဉ်က အလွန်ချောသတဲ့။ သူ့ကိုလိုချင်တဲ့ ကမ္ဘာတဝှမ်းက မင်းသားတွေများလွန်းပြီး စစ်ဖြစ်တော့မလိုဖြစ်လို့ သူ့အဖေ (ပထွေး)ကအစီစဉ်တခုထုတ်သတဲ့။ ကြင်ယာရွေးပွဲမှာ ပါလိုတဲ့ မင်းသားတွေ သူ့ရွေးချယ်မှုကိုလက်ခံရမယ်။ ဘယ်သူနဲ့ဘဲရရ ဟယ်လင့်ကို တသက်လုံးဆက်ကာကွယ်ပါမယ်ဆိုတဲ့ ဂတိပေးရမယ်ဆိုဘဲ။
မင်းသားတွေဟာလဲ ဟယ်လင့်လိုချင်ဇောနဲ့ သဘောတူခဲ့တယ်။ အဲဒီထဲမှာ နောင်ကိုယ်တို့ ဇတ်လိုက်ကြီးဖြစ်လာမဲ့ အိုဒီးစပ် ( ဂရိ အသံထွက်- နှောင်းပိုင်း လက်တင်ဘာသာမှာတော့ ယူလီးစစ် လို့လဲ ရေးမှတ်တယ်) လဲပါတယ်။ ရွေးချယ်ခံခဲ့ရသူကတော့ မနဲလပ်သာဖြစ်ခဲ့လို့ အိုဒီးစပ်ဟာ သူ့ရဲ့မြို့ပြနိုင်ငံ အစ်သာကာ ကိုပြန်သွား ၊ ဘုရင်လုပ်၊ ပနီလိုပီး ဆိုတဲ့ချစ်သူနဲ့ အိမ်ထောင်ကျ၊ တယ်လီးမခပ် လို့အမည်ရတဲ့ သားတယောက်မွေးပြီး အနယ်ထိုင်ချိန်တွေရောက်နေပြီးမှ ခုလို ဟယ်လင့်ပြသနာကပေါ်လာတာ။ အဲတော့ ပေးခဲ့တဲ့ကတိအတိုင်း ဟယ်လင့်အတွက် စစ်သွားတိုက်မယ် ၊ လိုက်ခဲ့ပါဆိုတာနဲ့ ဂရိတပ်ပေါင်းစု နဲ့အတူ ပင်လယ်တွေဖြတ်ပြီး စစ်ချီခဲ့ရတယ်။

ထရွိင်ဟာ ဂရိ စစ်တပ်တွေက ၁၀နှစ် ဝိုင်းထားတာကို မကျအောင် တောင့်ခံနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ အိုဒီးစပ်ရဲ့ အလိမ္မာညဏ်အတိုင်း ဂရိတပ်တွေဆုပ်ခွါသွားဟန်ဆောင်ပြီး ထရိုဂျန်မြင်းရုပ်ထုကြီးတခုကိုသာ ချန်ထားခဲ့ပါတယ်။ တကယ်တော့ မြင်းရုပ်ကြီးထဲမှာ အိုဒီးစပ်အပါဝင် ဂရိကွန်မင်ဒို ဆယ်ဂဏန်းက ပုန်းနေတာကိုမသိတဲ့ ထရွိုင် မြို့သားတွေဟာ မြင်းရုပ်ကြီးကိုမြို့ထဲဆွဲသွင်းယူလာခဲ့ပါတယ်။ ညမှာတော့ မြင်းရုပ်ထဲက အိုဒီးစပ်တို့ထွက်လာ၊ တံခါးစောင့်စစ်သည်တွေကိုသတ်၊ မြို့ရိုးတံခါးကို ဖွင့်ပေးလိုက်ချိန်မှာ ချိန်းချက်ထားတဲ့အတိုင်းပြန်ရောက်နေတဲ့ ဂရိစစ်တပ်ကြီး မြို့တွင်းဝင်လာနိုင်မှဘဲ ထရွိုင်မြို့ ကျဆုံးခဲ့ရပါတယ်။ နောက်ဆုံး အနိုင်တိုက်နိုင်ခဲ့ ပေမဲ့ လွန်လွန်ကျွံကျွံတွေလဲလုပ်ခဲ့မိလို့ ဂရိ နတ်မင်းကြီးတွေ အမျက်ထွက်ပြီး အိုဒီးစပ်တို့အဖွဲ့သားတွေလဲ နောင်အိမ်အပြန်မှာ ကျိန်စာတွေထိပြီး အတော်သေခဲ့ပါတယ်။ စစ်နိုင်ပြီးနောက် အိုဒီးစပ် ဟာ ထရွိုင် မြို့ကနေ သူ့မြို့ အစ်သာကာ ကိုရေလမ်းနဲ့ပြန်ရာမှာ အခက်ခဲမျိုးစုံတွေ့၊ လမ်းမှားပြီး တခြားကျွန်းမျိုးစုံ၊ ကမ်းခြေမျိုးစုံရောက်၊ သင်္ဘောပျက်၊ နတ်ဘီးလူးတွေ ထူးဆန်းတဲ့ တိရိစ္ဆာန်မျိုးစုံကိုနှိမ်နင်း၊ ဖြားယောင်းသတ်စားတတ်တဲ့ လူယောင်ဆောင်သူယောင်မယ်တွေကို ကျော်လွှား စသည့် အခက်ခဲမျိုးစုံကို ၁၀နှစ်ကျော်ဖြတ်သန်းပြီးမှ ပါသူတွေ အကုန်သေခဲ့ပြီး မြို့ကို တဦးထည်းပြန်ရောက်လာနိုင်ပါတယ်။ ထို ၁၀နှစ်ခရီးစဉ်ရဲ့ဖြစ်ရပ်များကို ဟိုးမားက အိုဒက်ဆီ ဆိုတဲ့ကဗျာရှည်ကြီး ဖွဲ့ခဲ့တာပါ။
ဟောလီဝုဒ်ရဲ့ အိုဒက်ဆီ ရုပ်ရှင် ဟာ မူရင်း ဝတ္တုနှင့် အသားပေးပုံကွာပါတယ်။ ရုပ်ရှင်ဆိုတော့လူကြည့်ခြင်အောင်လုပ်ရသကိုး။ မူလကဗျာရှည်က အိုဒီးစပ်ရဲ့ ၁၀နှစ်တာအပြန်လမ်းမှာဖြစ်ခဲ့တဲ့ ထူးဆန်းထွေလာ ဖြစ်ရပ်တွေ၊ ဟယ်လင်တို့ကို အသားပေးထားပေမဲ့ ရုပ်ရှင်မှာတော့ အိုဒီးစပ်နဲ့ ပင်နလိုပီးတို့ရဲ့ သစ္စာရှိမှု၊သား တယ်လီမေးခပ်ရဲ့အခန်း၊ အိုဒီးစပ်ရဲ့ ထရွိုင်မြီု့ကို သီမ်းပြီး မြို့ပျက်ကြီးဖြစ်အောင်ဖျက်ခဲ့မိတဲ့အတွက် နောင်တရ၊ စစ်ကိုစိတ်နာခန်း စသည်တို့ကို ဇာတ်နာအောင်ပိုချဲ့အသားပေးထားပါတယ်။
အိုဒက်ဆီဟာ အနောက်တိုင်းစာပေမှာပထမဆုံး ချရေးခဲ့တဲ့ ရှေးဟောင်းအကျဆုံးအရေးအသားတခုဖြစ်ရုံမက အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မ၊ သစ္စာတရားနဲ့ ဖြားယောင်းမှု၊ ဂတိနဲ့ အဂတိ စတဲ့ ကိုယ်ကျင့်တရားတွေ၊ ကြမ်းတမ်းတဲ့လောကဓံနဲ့ပြည့်နေတဲ့ ဘဝ တို့ကို သရုပ်ဖေါ် ဖွဲ့ဆိုထားပြီး နောက်ဆုံးမှာတော့ အမှန်တရားဘက်က အောင်မြင်မှုရတဲ့ ပုံစံနဲ့ ရေးခဲ့တာပါ။ မူရင်းက ဂရိဘာသာစကားနှင့်ရေးဖွဲ့ခဲ့တာပါ။ ထိုစဉ်က လက်တင်ဘာသာ ခေတ်မစားသေးပါ။ အဲဒီထဲမှာပါတဲ့ မြို့ပြနိုင်ငံလေးတွေဟာ တကယ်ရှိခဲ့တယ်၊ ထရိုဂျန်စစ်ပွဲဆိုတာလဲ ထိုခေတ်က မြို့ပြနိုင်ငံတခုနှင့်တခုဟာ စစ်ဖြစ်နေကြမို့ တကယ် ဖြစ်ခဲ့ကောင်းလောက်တယ် လို့ သုတေသီတွေကယူဆပေမဲ့ ကဗျာထဲပါ နတ်ဘီလူးတွေ ၊ဂရိဘုရားတွေရဲ့ ဖန်ဆင်းရှင် အဖြစ်ပျက် တွေကတော့ စိတ်ကူးယဉ် ဒဏ္ဍာရီတွေပါဘဲ။ ရှေးဟောင်းသုတေသန ပြန်လည်တူးဖေါ်မှုတွေအရ ၊ ထရွိူင် မြို့ဟောင်းဟာ ယနေ့ခေတ် တူရကီနိုင်ငံမှာရှိတဲ့ ဟစ်ဆာလစ်ဆိုတဲ့ မြို့ပျက်နေရာ တခုဖြစ် ဖို့များတယ်လို့ ယူဆကြပါတယ်။ ဂရိ မြို့ဟောင်း အတော်များ ကတော့ နံမည်တွေက ဟိုးအရင်ကအတိုင်းဘဲ ဆက်တည်ရှိလို့ ဖေါ်ထုတ် ရတာနဲနဲပိုလွယ်ပါတယ်။ အစ်သာကာ တို့ စပါတာတို့ဆိုတာ အခုတော့ ရွာလေးတွေအနေနဲ့ဘဲရှိပါတော့တယ်။

အနောက်တိုင်းယဉ်ကျေးမှု ( western civilization) မှာရှိခဲ့တဲ့ ဟိုးမားရဲ့ အိုဒက်ဆီနဲ့ အီးလိယတ် ဆိုတဲ့ကဗျာရှည်ကြီး ၂ခုနဲ့အလားတူ ၊ခေတ်ပြိုင် အရှေ့တိုင်းယဉ်ကျေးမှုမှာလည်း လင်္ကာရှည်၊ ကဗျာရှည်ကြီး၊ ဇာတ်လမ်းရှည်ကြီး ၂ခုရှိခဲ့ပါတယ်။ ရာမယဏ ( Ramayana) နဲ့ မဟာဘာရတ ( Mahabharata) ဆိုတဲ့ ဇာတ်လမ်းကြီး နှစ်ခုဖြစ်ပါတယ်။ မူရင်းက အိန္ဒိယ နိုင်ငံမှာပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။ နောက်မှ ထိုင်း၊မြန်မာ၊ အင်ဒိုနီးရှားစသည်တို့ကိုပြန့်နှန့်သွားခဲ့ခြင်းပါ။ သက္ကဋ ဘာသာနဲ့ရေးခဲ့တာဖြစ်ပြီး သမိုင်းသုတေသီတွေ ခန့်မှန်းချက်အရဆိုရင် ရာမယဏ ဟာ ဘီစီ ၇၀၀နှင့် ၃၀၀ ကြားမှာရေးခဲ့ပြီး မဟာဘာရတ ကတော့ ပိုနောက်ကျကာ အေဒီ ၃၀၀ ခန့်မှာရေးခဲ့တာပါတယ်။ ရာမယဏ( မြန်မာလိုဆိုရင်တော့ ရာမဇတ်တော်) ဟာ ဟိုးမားရဲ့ အိုဒက်ဆီနဲ့ မရှေမနှောင်း ဂေါတမဗုဒ္ဓပေါ်ထွန်းချိန် တဝိုက် အိန္ဒိယ တိုက်မှာ ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။ တခုသိရမှာက ရာမဇာတ်ဟာ ဘုရားဟောမဟုတ်ပါ။ ၅၅၀ ဇာတ်တော်ထဲမှာမပါပါ။ ဘုရားခေတ်က ဘောလီဝုဒ်ရဲ့ ဖျော်ဖြေရေး ဇာတ်လမ်းတပုဒ်သာဖြစ်ပါတယ်။
ပြောချင်တာကခုမှစတယ်။ လွန်ခဲ့တဲ့နှစ် ၂၅၀၀ ကျော်က ကမ္ဘာနောက်ခြမ်းနဲ့ရှေ့ခြမ်း ၊ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှု ကူးလူးဆက်ဆံမှု မရှိခဲ့ဘူးလို့ ယူဆရပေမဲ့ ရာမဇာတ်နဲ့ အိုဒက်ဆီဇာတ်အိမ်ဖွဲ့မှု ကျောရိုးဆင်တူနေတာလေးတွေ တော်တော်တွေ့ရတယ်။ ဒါတခုထဲတင်မကဘူး ဗုဒ္ဓဘာသာရဲ့ ၅၅၀ ဇာတ်တော် ( Jataka tales) နဲ့ ဂရိမှာ ဘီစီ ၅၀၀ လောက်မှာပေါ်ခဲ့တဲ့ အီစွပ်ပုံပြင်များ ( Aesop’s fables) ထဲမှာလဲဆင်တူပုံပြင်တွေ အတော်ရှိပါတယ်။ (ရွှေဥ ဥတဲ့ငန်းတို့၊ နှုတ်မပိတ်ဘဲ မနေနိုင်တဲ့လိပ်တို့ စသည်ဖြင့်)။
ရာမယဏ နဲ့ အိုဒက်ဆီမှာဆင်နေတာတွေကတော့ –
. ဂတိသစ္စာကို တန်ဖိုးထားလို့ မိမိချစ်နေတဲ့( သီတာမင်းသမီး) ကို အရယူဖို့မကြိုးစားဘဲ ကြင်ယာရွေးခန်း လေးတင်ပွဲမှာအလျှော့ပေးလိုက်တဲ့ ညီတော်လက္ခဏ နဲ့ အိုဒက်ဆီရဲ့ ဇာတ်ကောင် အိုဒီးစပ်(ပေးခဲ့တဲ့ဂတိကိုမဖျက်လိုရျ်ဟယ်လင့်ကိုလက်ထပ်ရန် ပြိုင်ဖက် မနဲလပ်ရွေးခံရချိန်မှာ သဘောတူလက်လျော့ပေးခဲ့)
- ရာဝဏ (ဒဿဂီရိ) ဟာ သီတာကို ခိုးပြေးရာမှာ ပင်လယ်ကိုဖြတ်ပြီး သီဟိုကျွန်း ကိုသွားခဲ့သလို ဟယ်လင့်ကို ခိုးပြေးသွားတဲ့ ထရွိုင် မြို့ဟာလဲ ဂရိ စပါတာမြို့ပြနိုင်ငံမှ Aegean Sea( အာဂျီယန်ပင်လယ်) ခြားနေခြင်း
- နောင်တော် ရာမမင်းသား ဒဿဂီရိကို စစ်တိုက်ဖို့သွားရာမှာ သီတာ့ကို ကျိတ်ချစ်ခဲ့တဲ့ လက္ခဏာဟာကူညီဘို့လိုက်သွားပေးခဲ့ရသလို ၊ မနဲလပ် ဟယ်လင့်ကို ပြန်သိမ်းဖို့စစ်ထွက်ရာမှာ ဟယ်လင့်ကိုတချိန်က လက်ထပ်ဖို့ကြိုးပန်းခဲ့တဲ့ အိုဒီးစပ်ဟာ ဂတိတာဝန်အရ စစ်ကူတိုက်ဖို့လိုက်ခဲ့ရ
- ရာမရဲ့ ၁၄နှစ်ကြာ ပြည်နှင်ခံအပြီးမှအခက်ခဲမျိုးစုံ ကိုနှိမ်နင်းပြီး အိမ်အပြန်ဟာ အိုဒီးစပ် ရဲ့ ၁၀နှစ်ကြာ ကြမ်းတမ်းတဲ့အိမ်ပြန်လမ်း
- အိုဒီးစပ် မရှိတဲ့ နှစ် ၂၀လုံး၊ သေမှန်းရှင်မှန်းမသိချိန်မှာ နောက်ချစ်သူမရှာဘဲ သစ္စာရှိစွာစောင့်နေခဲ့တဲ့ သူ့ဇနီး ပင်နလိုပီနဲ့ ဒဿဂီရိလက်ထဲမှာနည်းမျိုးစုံ ဖြားယောင်းခံရပေမဲ့မတိမ်းညွတ်ဘဲ ခင်ပွန်း ရာမမင်းသားကိုဘဲ သစ္စာရှိခဲ့တဲ့သီတာ ( ဒီနေရာမှာ သီတာနဲ့ယှဉ်သူဟာ ဟယ်လင် မဟုတ်ပါ၊ ဟယ်လင်ဟာ ပဲရစ်နောက်ကို စိတ်တူကိုယ်တူ လင်ငယ်နေလိုက်ပြေးသွားတာပါ။ ပုံပြင်အရတော့ ဂရိနတ် အက်ဖရိုဒိုက်တီး (Aphrodite) က ပဲရစ်ကိုကျေးဇူးဆပ်စရာရှိလို့ နတ်တံခိုးနဲ့ ဟယ်လင်သည် ပဲရစ်အပေါ် ယစ်မူးသွားအောင်လုပ်ခဲ့)

လုံးဝမတူပေမဲ့ ခြုံကြည့်ရင် ပင်လယ်တွေ တောင်တန်းတွေခြားပေမဲ့ ဒီပုံပြင်၂ခုရော အီစွပ်ပုံပြင်အတော်များနှင့် ၅၅၀ ဇာတ်တော်ပါ ပုံပြင် တချို့တွေရောဟာ အနှစ်သာရ၊ကျောရိုးတွေဆင်ပါတယ်။ ကိုယ်ကျင့်တရာ:စောင့်ထိန်းရေး၊ သစ္စာတရား၊ ရိုးသားမှု၊ ဓမ္မနှင့်အဓမ္မအားပြိုင်မှု၊ ဓမ္မဘက်တော်သားတွေရဲ့ ကြမ်းတန်းလေ့ရှိသောလမ်း၊ အမှန်တရားအတွက် ပေးဆပ်မှု၊ homecoming လိုဆိုနိုင်တဲ့အိမ်အပြန်လမ်း ၊ သူရဲကောင်းတို့၏နှလုံးသား၊ လောကဓံကို ကြံ့ကြံ့ခံရျ် ဇွဲမလျှော့လျှင် နောက်ဆုံးမှာတော့ ဓမ္မဘက်တော်သားရဲ့ အောင်ပွဲခံမှုတို့ဟာ လူသားထုရဲ့moral value လို့ခေါ်တဲ့ တရားစောင့်ဖို့ သင်ခန်းစာပေးရန် ဦးတည်ထားမှုတွေကတော့ဆင်နေပါတယ်။
ဘယ်ခေတ်၊ဘယ်ဘာသာ၊ ဘယ်နိုင်ငံမှာဖြစ်နေနေ လူဟူရျ်ဖြစ်လာလျှင် သဘာဝ မနောစိတ်ကအလိုလို အမှန်တရား ဓမ္မကိုအားသာစေချင်ခြင်းသည် လောကနိယာမတရားသည်လား။ ယနေ့ခေတ် သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသီများ မသိသေးတဲ့ ၊ကူးလူးဆက်ဆံမှုတွေ ကမ္ဘာနှစ်ဖက်ခြမ်းကြားမှာရှိခဲ့ခြင်းလား။ ဘာသာရေး ရှေ့ဆောင်ကြီးများ၏ ဆင်တူသော သွန်သင်မှုတွေလား ဆိုတာတွေကတော့ ခုထိ အဖြေမလွယ် သေးပါ။ ဒါတွေဟာ တိုက်ဆိုင်မှုတွေပါကွာ လို့လွယ်လွယ်ရော ယူဆနိုင်ပါသလား။ စာဖတ်သူ ရော ဘယ်လိုထင်ပါသလဲ။

မောင်ဘဦး
