Ivy League နှင့် top 10 အမေရိကန် ကောလိပ်/တက္ကသိုလ် ဝင်ခွင့်ရလိုသူများလမ်းညွှန်။
ကျောင်းလျှောက်ရာမှာ အဓိက ကျတဲ့အစိတ်အပိုင်းများ။
၅ခု အကြမ်းဖြင်းစဉ်းစားနိုင်ပါတယ်။ တပိုင်းစီကိုလဲ အသေးစိတ်ပြန်ရှင်းအုံးမှာပါ။ ၅ခုလုံးကိုကောင်းဖို့လိုပါတယ်။ အမှတ်ကြီးဘဲကောင်းလို့မလုံလောက်သလို အမှတ်က အရမ်းနဲပြီး လုပ်အားပေးတွေကြီးဘဲများနေလို့လဲ မဖြစ်ပါဘူး။
၁ . ကျောင်းမှာယူခဲ့တဲ့ ဘာသာရပ်(class) များနဲ့ အမှတ်စာရင်း ( GPA)
၂ . တနိုင်ငံလုံးအနေနဲ့စစ်တဲ့ အစိုးရစစ်လို့ခေါ်နိုင်တဲ့ SAT/ACT စာမေးပွဲတွေရဲ့အမှတ် ( scores and results of the standardized tests)
၃ . Extracurricular လို့ခေါ်တဲ့ ကျောင်းစာပြင်ပ လှုပ်ရှားမှုများ – အားကစား, လုပ်အားပေး, အသင်းအဖွဲ့လှုပ်ရှားမှု, ခေါင်းဆောင်မှု, သုတေသန လုပ်ငန်း/ စာတန်းအတွေ့အကြုံ စသည်တို့
၄ . ထောက်ခံစာများ ( recommendation letters)
၅ . ကျောင်းဝင်ခွင့်စာစီစာကုံး ( admission essay)
အရမ်းကို တခြားတဖက်ဖက်မှာ ထူးခြား ထူးချွန်နေသူတချို့ကတော့အဲဒါတွေမလိုပါဘူး။ ဥပမာ ဂေါက်သီးသမားTiger Woods (Stanford ကနေ ၂နှစ်နဲ့ထွက်သွား) တို့, 2002 Olympics Figure Skating champion Sarah Hughes ( Yale alumnus) တို့ပေါ့။ Florida Parkland high school mass shooting မှာ ဒဏ်ရာရပေမဲ့ကံကောင်းလို့ မသေတဲ့ David Hogg ဆိုတဲ့ကျောင်းသားတဦးဟာ gun control activist အနေနဲ့ တနိုင်ငံလုံး ကိုလှဲ့ပြီးသူ့အတွေ့အကြုံကိုဟောပြော, TV , radio တွေမှာ အင်တာဗျုး တွေပေး, စတဲ့ လုပ်ရပ် တွေကို activist တယောက်အနေနဲ့ ကျောင်းကနေ တနှစ် ( break) အနားယူလှုပ်ရှားခဲ့အပြီးမှာတော့ ကျောင်းပြန်လျှောက်ချိန်မှာHarvard ကသူ့ကို SAT အမှတ်နဲပေမဲ့လဲ ၂၀၁၉မှာ ကျောင်းဝင်ခွင့်ပေးခဲ့ပါတယ်။ အဲလို exceptional circumstance ရှိတဲ့ကျောင်းသားမျိုးကတော့ ဒီဆောင်းပါးရဲ့ အကြံပေးချက်တွေကို လိုက်စရာမလိုပါ။
၁။ ကျောင်းတွင်ယူခဲ့သော ဘာသာရပ်(classes/courses) နှင့်မိမိ ကျောင်းမှ အမှတ်စာရင်း(Grade Point Average/GPA)
GPA ဆိုတာတော့ လွယ်လွယ်ပြောရရင် အမှတ်ပါဘဲ။ ဘာသာရပ်တခုမှာ အမှတ် ၁၀၀ ရရင် အကြမ်းဖြင်း GPA 4.0 လို့ယူဆပြီး ၉၅မှတ်ရရင် GPA 3.95 လို့ယူဆကြည့်ပါ။ Ivy/top 10 ကျောင်းတွေက အားကစားတွေ/ လုပ်အားပေးတွေ/ အသင်းအဖွဲ့တွေ ဘာပဲ ပြောပြော academic ကောင်းဖို့ကတော့ basic အနေနဲ့ နဲနဲ လိုပါတယ်။US အထက ကျောင်းတွေဟာ တနိုင်ငံလုံး တပြေးညီ သင်ရိုးညွှန်းတန်းတခုထဲနဲ့သင် တာမဟုတ်ပါ။ ကျောင်းဘယ်လောက်ကြီးတယ် funding ဘယ်လောက်တောင့်တယ်ပေါ်တည်ပြီး ဘယ် course တွေကို ယူလို့ရမရ အခွင့်ရေးတွေ နဲနဲ ကွာပါတယ်။ ခြုံပြောရရင်တော့ အထက်ပါ ကောလိပ်များ ဝင်လိုသူကျောင်းသားဟာ challenging class လို့ခေါ်နိုင်တဲ့ ပိုမြင့် ပိုခက်တဲ့ class ၆-၇ ခုလောက်တော့ high school သက်တမ်း မှာ ပြီးထားသင့်ပါတယ်။အဲဒီ အတန်းတွေကို Advanced Placement (AP) class လို့ခေါ်ပါတယ်။ လွယ်လွယ် ရှင်းပြရရင်တော့ တက္ကသိုလ်ပထမနှစ် ဒုတိယနှစ်မှာ ယူရတဲ့ class တွေပါ။ ဒါပေမဲ့ ယူရုံနဲ့လဲ မပြီးပါဘူး။ အမှတ်/GPA လဲအဲဒီဘာသာမှာကောင်းရပါမယ်။ ခက်လို့ စာမလိုက်နိုင်လို့ GPA အရမ်းကျသွားရင် AP class ကိုမယူတာမှကောင်းပါလိမ့်မယ်။ကျောင်းသား တယောက် AP class ယူသင့်မယူသင့်ကို ၈/၉/၁၀ တန်းက အမှတ်တွေကိုသုံးသပ်ပြီး ကျောင်းကstudent counsellor တွေကလဲ အကြံပေး လေ့ရှိပါတယ်။ ပုံမှန်အတန်းတွေမှာ အများဆုံး ရနိုင်တဲ့ GPA က 4ပါ။ AP class ကိုတော့ adjusted လုပ်ပေးတဲ့အနေနဲ့ အမှတ်၁၀၀ အပြည့်ရရင် GPA ကို 5 အထိတက်ပေး လို့ရပါတယ်။ ဒါပေမဲ့ကျောင်းတိုင်းမှာ မပြီးမဖြစ်ပြီးရမဲ့course/class တွေလဲရှိပါသေးတယ်။ ၄နှစ်အတွင်းမှာ အဲဒီ classes တွေမပြီးထားရင် AP ရဲ့ဘိုးအေ class တွေဘဲယူထားယူထား high school အောင်လက်မှတ် ထုတ်မပေးပါ။
ဥပမာ ပေးရရင် မစ်ချီဂန် အထက်တန်းကျောင်းတွေမှာ သင်္ချာမှာ Algebra 1 & 2, နဲ့ Geometry ကို ၄နှစ်အတွင်းမှာ ပြီးအောင်ယူရပါတယ်။ဒါက အနဲဆုံးလိုအပ်ချက်ပါ။ အင်္ဂလိပ်စာ မှာဆိုလဲ High school English 9,10,11,12 class တွေအနဲဆုံးပြီးရပါမယ်။ အဲဒီ class တွေက အမှတ်ပြည့် ၁၀၀ ရရင် အမြင့်ဆုံး GPA 4အထိရနိုင် ပါတယ်။ပုံမှန်ကျောင်းသား တယောက် ဟာဆိုရင် ဥပမာ ၉တန်းမှာ Algebra 1 နဲ့ English 9, ၁၀တန်းမှာ Algebra 2 နဲ့English 10. စသည်ဖြင့်ယူသွား ကြပါတယ်။ ကျောင်းကောင်းသွားချင်တဲ့ ကလေးကတော့ အဲဒီနှုန်းနဲ့ သွားလို့မရပါဘူး။ ဥပမာ ၉တန်းမှာထဲက Algebra 1&2, English 9&10, ၁၀တန်းမှာ Geometry နဲ့ English 11 & 12 စသည်ဖြင့်ပြီးအောင် ပိုများများ မြန်မြန် ယူထားရပါတယ်။ ဒါမှ ၁၁ တန်းလဲ ရောက်ရော Math AP class ဖြစ်တဲ့ Calculus တို့Statisticတို့, English မှာဆိုလဲ AP English literature တို့ AP English language and composition တို့ ဆိုတာတွေကို တက်ယူနိုင်မှာ ဖြစ်ပါတယ်။ တချို့ ကျောင်းတွေမှာ ဆိုရင် ကလေးက အလယ်တန်း ကျောင်းမှာ ထဲက စာလိုက်နိုင်ရင် accelerated class အနေနဲ့ Algebra 1 တို့ Algebra 2 တို့အထိ မြှင့်သင်ခဲ့တာလဲရှိပါတယ်။ အဲဒါ မျိုးဆိုရင်တော့ ကလေးက ၁၀ တန်းထဲကတောင် တချို့ AP class တွေစ ယူနေနိုင်ပါပြီ။
ဒါပေမဲ့ AP ယူရုံနဲ့လဲ မပြီးပါဘူး။ သင့်တော်တဲ့AP ကိုယူသင့်ပါတယ်။ ဥပမာ ကိုယ်က ကောလိပ် လျှောက်ချိန်မှာအင်ဂျင်နီယာလိုင်းလိုက်ချင်ပါတယ်ပြောပြီး ယူထားတာက AP Music Theory တို့ AP Psychology တို့ဆိုရင်လဲမကိုက်သေး ဘူး။ ဒီကျောင်းသားဟာ AP Physics တို့ AP Maths တို့ကိုယူထားသင့်ပါတယ်။ ထိုနည်းတူဘဲ AP တက်ယူပြီး စာမလိုက်န်ုင်လို့ GPA 2 လောက်ပဲရနေရရင် ပုံမှန် class ယူပြီး GPA 3 ရတာက ပို တာသွားပါလိမ့်မယ်။ AP class တွေ တက်မယူခင်မှာ ကိုယ့်ကျောင်းက သတ်မှတ်ထားတဲ့ မပီးမဖြစ် class တွေကိုလဲ မလွတ်သွားရအောင်သတိထားရပါမယ်။ ဥပမာ physical education 1 credit တို့ social study credit တို့, reproductive health 1 credit တို့စသည်ဖြင့်ပေါ့။ AP class ယူသူတွေဟာ ကိုယ့်ကျောင်းက အပါတ်စဉ် လစဉ် စစ်ဆေးပြီး ရတဲ့ကျောင်း GPA အပြင် နှစ်ကုန်ရင် တနိုင်ငံလုံးမှာစစ်တဲ့ College board ကကျင်းပတဲ့ ( အစိုးရစစ်နဲ့ ကျောင်းစစ် ကွာသလိုမျိုးပေါ့) standardized AP test ကို ဝင်ဖြေခြင်ရင် ဖြေလို့ရပါိတယ်။ မဖြေမနေရတော့မဟုတ်ပါ။ အဲဒီကရတဲ့ grade ကိုတော့ ကျောင်း AP class မှာရတဲ့ GPA ထက် Ivy and top College တွေက ပိုယုံကြည်တန်ဖိုး ထားလေ့ရှိပါတယ်။ ကျောင်းရဲ့ GPA ကတကျောင်းနဲ့တကျောင်း အမှတ်ပေးပုံချင်း နှိုင်းယှဉ်ရခက်လို့ပါ။ တွေးကြည့်ရင် မဆန်းပါဘူး။
နှစ်တိုင်း တတန်းပြီးတိုင်း ဘာသာရပ်အားလုံးရဲ့ အမှတ်တွေ (GPA ) ကိုပျမ်းမျှယူပြီး ကျောင်းသား တဦးဆီရဲ့cumulative/average GPA ထွက်ပါတယ်။ Ivy and top 10 သွားချင်တဲ့ ကလေးတွေဟာ GPA 3.8 နှင့်အထက်လောက် ရှိထားသင့်ပါတယ်။ တချို့ကျောင်းသားတွေက လူလည်ကျပြီး average GPA မြင့်အောင် ခက်တဲ့ဘာသာ( course) တွေရှောင်ပြီး အမှတ် ပေါပေါလောလော ရလေ့ရှိတဲ့ course တွေကိုရွေးယူ လေ့ရှိပါတယ်။ Admission officers တွေက ဒီ trick ကိုသိပါတယ်။ အမှတ်စာရင်းမှာ GPA number သာမက ဘာ course တွေ ယူထားလဲဆိုတာ ပါတော့ သိပ်ဖြီးလို့မရပါဘူး။ မသိမသာလေး လွယ်တဲ့ အတန်းတခု လောက်ယူထားတာကိစ္စ မရှိပေမဲ့ အဲလ်ုမျိုးအတန်းတွေ ကြီးဘဲ ၃-၄ခု ယူထားရင်တော့ admission officer တွေက အထာပေါက်သွားမှာပါ။
GPA နဲ့ပါတ်သက်လုံ့ ကြုံလို့ ဗဟုသုတလေးပြောပါအုံးမယ်။ USA မှာ ထုံးစံအတိုင်းက တကျောင်းလုံးမှာ GPA အမြင့်ဆုံးနဲ့အောင်တဲ့ကျောင်းသားကို Valedictorian, ဒုတိယ GPA အမြင့်ဆုံးကျောင်းသားကို Salutatorian ဆ်ုတဲ့ဆု/နံမည်ပေးပါတယ်။ မြန်မာလို ဆိုရင်တော့ အဆင့် ၁ နဲ့ ၂ ထွက်သူတွေပေါ့။ ဒါပေမဲ့ဒီကကျောင်း တွေကအထက်မှာ ရှင်းပြတဲ့အတိုင်း ကိုယ်ယူတဲ့ course တွေပေါ်တည်ပြီး GPA ကိုကစားလို့ရနေတယ်လေ။ ဒါကြောင့် ခုနောက်ပိုင်း ကျောင်း တော်တော် များများက အသုံးမဝင် ပါဘူး ဆိုပြီး Valedictorian, Salutatorian ပေးတဲ့စနစ်ကိုဖြုတ်ပြီး top 10 students in the graduating class ဆိုပြီးဘဲ recognize လုပ်လာတာ များလာပါပြီ။
၂။ တနိုင်ငံလုံးစံထားသော ( standardized tests) အစိုးရစစ် စာမေးပွဲ များနှင့် ထို အမှတ် တို့ အရေးပါမှု:
SAT နဲ့ ACT စာမေးပွဲများကိုဆိုလိုပါတယ်။ SAT ကပို လူသိများပါတယ်။ Midwest ကောလိပ်များက ACT ကိုပိုယဉ် ပါးပါတယ်။ SAT ဖြေတာကပို အသုံးတဲ့ပါလိမ့်မည်။ ကျောင်းက counsellor တို့ College tour သွားရင် ရှင်းပြ တဲ့ သူတွေကတော့ SAT scores ကိုသူတို့က အရမ်းအရေးမထားဘူး။ SAT အမှတ်ကောင်းတိုင်းလဲ ဝင်ခွင့်ရချင်မှရတာ စသည်ဖြင့် အမြဲ ပြောပါတယ်။ နဲနဲ တော့မှန်ပေမဲ့ နားမယောင်ပါနဲ့။ ဘာကြောင့်လဲဆိုတာ နောက်ကျ ထပ်ရှင်းပါ မယ်။ ကျောင်း တကျောင်း နဲ့ တ ကျောင်း ပေးထားတဲ့ အမှတ်(GPA) က နှိုင်းယှဉ်ရခက်တဲ့အတွက်အစိုးရစစ် သဖွယ် ဖြစ်သော SAT စာမေးပွဲ အမှတ်ကို လဲ ပြန်ကြည့်ရတာဖြစ်ပါတယ်။
SAT က General နဲ့ Subject tests တွေရှိပါတယ်။ SAT subject test တွေက မဖြေမနေရမဟုတ်ပါ။ ဒါပေမဲ့ Ivy နဲ့top 10 သွားချင်တဲ့ ကလေးကတော့ အနဲဆုံး subject test ၂ခုလောက်ဖြေထားသင့်ပါတယ်။ SAT Physics, SAT Biology စသည်ပေါ။ SAT general က English နဲ့ Maths ကိုဘဲစစ်တာဖြစ်ပြီး တပိုင်းကို အမှတ် ၈၀၀ စီနဲ့ အားလုံးအမှတ် ၁၆၀၀ ပေးပါတယ်။ SAT ကိုတာဝန်ယူ ကျင်းပပေးတာက college board ဆိုတဲ့ အဖွဲ့အစည်း ဖြစ်ပြီး တလခြားခန့်စီနဲ့ တနှစ် ကို ၆-၈ ခါလောက်ကျင်းပပါတယ်။ စာမေးပွဲကို ကြိုက်သလောက် တကြိမ်ထက် မက ဝင်ဖြေနိုင်ပါတယ်။ တက္ကသိုလ် လျှောက်ရာမှာ အကောင်းဆုံး/အများဆုံး အခေါက်က ရတဲ့ အမှတ်တခုကိုဘဲ ရွေးပို့ချင်ရင် အဲလို ပို့ ခွင့်ရှိပါတယ်။
ဘယ်စာမေးပွဲမဆို စာတတ်တဲ့အပြင် စာမေးပွဲကိုလဲ ဖြေတတ်မှ အမှတ် ပိုကောင်း ကောင်းရပါတယ်။ SAT လဲထိုနည်းတူပါဘဲ။ Practice tests တွေများများ လုပ်ဖို့လိုပါတယ်။ နောက်တခုက SAT ဟာ အထက်တန်းကျောင်းlevel ဘဲစစ်တာဖြစ်ပါတယ်။ အထက်တန်းကျောင်းသား အများစုကို ဖြေနိုင်အောင်စစ်တာပါ။ ကောလိပ်အဆင့်, AP အဆင့် မေးခွန်းတွေ လုံးဝမပါ ပါဘူး။ ဥပမာ သင်္ချာမှာဆိုရင် Algebra 1,2 နဲ့ Geometry အထိကဘဲမေးခွန်းထုတ်ခွင့်ရှိပါတယ်။ AP math level ဖြစ်တဲ့ Calculus တို့ Statistic တို့ထဲက မေးခွန်းတွေ ထဲ့မထားပါဘူး။ဆိုလိုတာက ကိုယ်ဟာ advanced level / AP level math ယူထားပေမဲ့ SAT အမှတ်ကောင်းဖို့အတွက် ဆိုရင်တော့အဲဒါက သိပ်အကျိုးမ ရှိပါဘူး။ SAT tests တွေကို ပြန်ဆင်းပြီး ထပ်ခါတလဲလဲ ပြင်ဆင်ရမယ်ဆိုတာ မမေ့ပါနဲ့။English ကတော maths လောက်မစိမ်းကားဘူး။ Advanced/AP level English တွေပြီးထားရင် SAT English test မှာလဲ နဲနဲ သွယ်ဝိုက်ပြီး တပန်းသာပါတယ်။
ဒါကြောင့်မို့ SAT ဖြေနိုင်ဘို့ကို ၁၂တန်းထိ စောင့်နေစရာ မလိုဘူး။ ကျောင်းကောင်းကောင်း သွားချင်တဲ့ကလေးဟာ ၁၀တန်းနှစ် နွေကထဲက စပြင်ဆင်သင့်ပြီ။ ပြီးရင် ၁၁တန်းနှစ်စမှာ ကိုယ့်အခြေအနေသိ အောင်ပထမဆုံး တခါစဖြေသင့်ပါတယ်။ ပြီးရင် ၃-၄ လလောက်ထပ်ပြင်ဆင်, ကိုယ့်အမှတ်နဲတဲ့ area ကဘယ်ဟာလဲဆိုတာသုံးသပ် , အဲနေရာကိုဖိပြင်ဆင်ပြီး ၁၁တန်း နှစ်လယ်လောက်မှာ ဒုတိယတခါ ပြန်ဖြေသင့်ပါတယ်။ အဲဒီအမှတ် ကိုကြည့်, လိုအပ်တာတွေကို ထပ်ဖြည့်စွက်ပြင်ဆင်ပြီး ၁၁တန်းနွေမှာ တတိယ အကြိမ်လောက်ပြန်ဖြေသင့်ပါတယ်။Hopefully အဲဒီအကြိမ်ဟာ ကလေးအတွက် အမှတ် အများဆုံး အကြိမ်ဖြစ်ဖို့များပါတယ်။ လိုအပ်တဲ့ နေရာကို မပြင်ဆင်ဘဲ လတိုင်း စာမေးပွဲကြီးဘဲ ဝင်ဖြေနေရုံနဲ့တော့ အမှတ်က အလိုလို တက်လာမှာမဟုတ်ပါ။ ၁၂ တန်းရောက်ရင် ကျောင်းပြန်ဖွင့်ပြီးပြီးချင်း October လောက်မှာ ကောလိပ်ဝင်ခွင့် ဖေါင်တွေစဖြည့်ရပြီ။ အရမ်း လိုအပ်ရင်တော့ ၁၂ တန်းနှစ်စမှာ SAT ကို စတုတ္ထအကြိမ်ထပ်ဖြေ လို့အချိန်မှီနိုင် ပေမဲ့ နဲနဲ ကသီလို့ပါ။
အဓိကက Practice test တွေများများ လုပ်ပြီး ကိုယ်မှားတဲ့ နေရာတွေကိုပြန်ဖိဖတ် ဖို့ပါဘဲ။ Princeton review တို့Kaplan တို့က ထုတ်တဲ့ exam prep စာအုပ်တွေရှိပါတယ်။ မဝယ်တောင် ကျောင်းစာကြည့်တိုက် တွေမှာရှိတတ်ပါတယ်။ YouTube ပေါ်မှာလဲ SAT prep Khan video တွေ free ရပါတယ်။ ကျောင်းသားက ရှာပြီး လုပ်ချင်စိတ်ရှိဖို့ဘဲ လိုပါတယ်။ ပိုက်ဆံပေး တက်ရတဲ့ SAT prep ကျုရှင်တွေ တက်ရမလားလို့ ကျွန်တော့်ကို လာမေးလေ့ရှိပါတယ်။ တက်နိုင်ရင် အရှုံးမရှိပါဘူးလို့ ဖြေပေမဲ့ မတက်နိုင်ရင်လဲ ကလေးကသာ ရှာဖွေကြိုးစားချင်စိတ်ရှိရင်အထက်ပါ resources တွေရှိတဲ့အတွက် အားငယ်စရာ မလိုပါဘူးလို့ ပြောကြားလိုပါတယ်။ Plan ဆွဲရမယ်။ အချိန်ပေး ပြင်ဆင်ရမယ် – အဲဒီ နှစ်ချက်က ပိုအရေးကြီးပါတယ်။ အမှတ် ကောင်းချင်ရင် ၈-၉ လလောက် SAT ကိုseriously အချိန်ပေး ပြင်ဆင် သင့်ပါတယ်။
SAT အမှတ်ဘယ်လောက်ရရင် Ivy/ top 10 universities တွေဝင်ဘို့ သေချာမလဲလို့ မေးလေ့ရှိပါတယ်။ SAT အမှတ်တခုထဲ ကြည့်ဆုံးဖြတ်တာမဟုတ်တဲ့အတွက် ၁၆၀၀ အပြည့်ရတောင် အာမ မခံဘူးလို့ ဖြေကြပါတယ်။ အဲဒါလဲ မှန်ပါတယ်။ ဒါပေမဲ့ incoming class ရဲ့ ပျမ်းမျှ SAT scores ဆိုတာ ကျောင်းတိုင်းကို တက်ကြည့်/ ဂူဂယ်လုပ်ကြည့်လို့ရပါတယ်။ ဖွက်ထားလို့မရပါ။ Yale, Harvard, Stanford, Princeton အား လုံးဟာ ၁၅၄၀-၁၅၆၀ ပါတ်ဝန်းကျင်မှာရှိ ပါတယ်။ သူတို့ရဲ 25th percentile ဟာ ၁၄၉၀ ပါတ်ဝန်းကျင်မှာရှိပါတယ်။ ဆိုလိုတာကကျောင်းသား မှာ တခြားအရမ်းကို ထူးခြား ထူးချွန်တဲ့ အချက်တွေရှိရင်တော့ ၁၄၉၀ လောက်နဲ့ဝင်နိုင်ပေမဲ့ ကိုယ်ဟာ Tiger Woods လောက် Golf မရိုက်တတ်ဘူး, Malala လို Nobel ဆု ရမထားဘူးဆိုရင်တော့ ၁၅၅၀ လောက်တော့ ရထားသင့်ပါတယ်။ ကျွန်တော့်ကိုယ်တွေ့ ဝင်သွားတဲ့ မြန်မာကလေး တွေလဲ အဲလောက်တော့အနဲ ဆုံးရကြတယ်။ Hard proof တော့မရှိပါ။ Circumstantial evidence နဲ့ မောင်ဘဦးရဲ့ extrapolation, educated guess လို့ဘဲပြောပါရစေ။ လက်မခံချင်လဲရပါတယ်။ နမူနာ တခုပေးပါမယ်- SAT perfect score ၁၆၀၀ ( သူ့ခေတ်ကတော့၂၄၀၀ system နဲ့ပေါ့) ရရက်နဲ Ivy တခုမှမဝင်ခဲ့တာ တော့ Shaan Patel ဆိုသူကျောင်းသားတဦးပါ။ ဒါပေမယ့်အခုတော့ သူက PrepExpert ဆိုတဲ့ SAT exam prep ကုမ္ပဏီ ပြန်ထောင်ပြီး အရမ်းကျော်ကြားတဲ့ entrepreneur ဖြစ်နေပြီ။ သူများကို Ivy ဝင်အောင် သူကပြန်သင်နေတာလေ။ Shark tank TV show ရဲ့ Dallas Maverick ဘတ်စကက်ဘော အသင်းပိုင်ရှင် သဌေး Mark Cuban က သူ့ကိုရွေးပြီးတော့ ကုမ္ပဏီကို ငွေ ပန့်ပိုး ထောင်ပေးသွားတယ်လေ။ Ivy college တက်ရမှ ဘဝမှာ အောင်မြင်တာ မဟုတ်ဘူးဆိုတာ နောက်ထပ်နမူနာ ပြတာပါ။ နောက်တမျိုးရှုထောင့်က ကြည့်ပြန်ရင်တော့လဲ တခြား factor တွေက weak ဖြစ်ရင် , application process ကို coach လုပ်ပေးမဲ့လူမရှိရင် SAT perfect score ရပေမဲ့လဲ သူလျှောက်ခဲ့ တဲ့ Ivy အားလုံးက သူ့ကို reject လုပ်ခဲ့တာ သင်ခန်းစာ ယူစရာပါလို့။ စိတ်ဝင်စားလို့ မောင်ဘဦးက သူ့ biography ကို လျှောက်ဖတ်ကြည့်လို့ပါ။ သူ့အမှတ်နဲ့ full scholarship လဲပေးတဲ့ U of Southern California, Los Angeles မှာဘဲ သူတက်ဖြစ်လိုက်တယ်တဲ့။
ထိုနည်းတူဘဲ SAT score တခုထဲကိုပဲကြည့်ပြီး ငါတို့က ရွေးတာမဟုတ်ဘူးဟေ့ လို့ admission officer တွေကpolitically correct ဖြစ်အောင် အော်နေပေမဲ့ မောင်ဘဦး တို့ လို first generation immigrant တွေအနေနဲ့ မှတပါးတခြားလဲ အားထားရာမရှိတော့ ( ဥပမာ မိဘက Ivy ထွက်ကျောင်းသားဟောင်း alumnus လဲမဟုတ်, ကျောင်းကိုလဲ ငွေမလှုထား, board of trustee member တွေနဲ့လဲအမျိုးမတော် etc etc) SAT score ကို အရေးပေးသင့်တယ်လို့ မောင်ဘဦးက personally ယူဆပါကြောင်း။