နိဒါန်း
ဒီဆောင်းပါးကို ရေးမယ်မရေးဘူး ချီတုံချတုံ တော်တော်စဉ်းစားခဲ့ပါတယ်။ မရေးချင်ရတဲ့အကြောင်းရင်းကတော့မိမိသားသမီးဟာ top 10 university တွေဝင်မှဘဲ ပညာသင်ရကျိုးနပ်မယ်လို့အထင်မှားမှာစိုးလို့ကြောင့်, အရင်ခေတ်ကမြန်မာပြည်မှာလို သားသမီးကစိတ်ဝင်စားစားမစားစား ၁၀တန်းအမှတ်မှီရင် ဆေးကျောင်းအတင်းတက်ခိုင်းတဲ့မိဘတွေလိုဖြစ်လာမှာစိုးလို့, ပညာဆိုတာရှာဖွေ ချင်စိတ်ရှိတဲ့ ကျောင်းသားပေါ်ဘဲတည်ပြီး ဘယ်ကျောင်းမှာတက်ရမှ လို့မတည်တာမို့လို့, Ivy လိုနံမည်မကြီးပေမဲ့ ပညာရေးရောအလုပ်ရရေးရော Ivy လိုရော Ivyထက်ကောင်းတဲ့ကျောင်းတွေရှိပါလားဆိုတာ သိမြင်ပြီး Ivy ကိုမလိုအပ်ဘဲစွဲလမ်းနေမှာစိုး လို့ စတဲ့ မကောင်းချက်တွေ, လမ်းလွဲမှုတွေ ကိုကျွန်တော်ကမြင်ထားလို့ပါ။ထပ်ပြောပါမယ်။ ဘဝမှာအောင်မြင်ဖို့ Ivy colleges တွေတက်ဖို့ လုံးဝ လုံးဝ မလိုအပ်ပါ။ ကြိုးစားချင်စိတ်ရှိရန်သာလိုပါသည်။
ဒါပေမဲ့တခါတလေ ရေးချင်ရချင်းကတော့ ကလေးကလဲ စိတ်ပါကြိုးစားပြီး top 10 university တွေမှာတက်ချင်ရင် ကိုယ့်မြန်မာကလေးတွေ ကို ကုလားတို့ တရုပ်တို့ ကိုရီးယားတို့ ဗီယက်နမ်တို့နဲ့ယှဉ်ရင် မကျန်စေခဲ့ချင်လို့ပါ။တကယ်တော့ Ivy College ရူးတာဟာမြန်မာတင်မဟုတ် Asian တော်တော်များများဒီအစွဲရှိကြပါတယ်။ အဖြူတွေလဲ Asian လောက်သာမဆိုးပေမဲ့ Ivy ကျောင်းဆင်းတွေရဲ့ဘဝမှာ နဲနဲ အားသာချက်ကိုသ်မြင်ကြပါတယ်။ ကလေးကလဲစိတ်ပါတက်ချင်တယ်, ကိုယ်သင်လိုတဲ့ ဘာသာရပ်နဲ့လဲကိုက်တယ်ဆိုရင်, ကလေးကလဲ အမှတ်မှီတယ်ဆိုရင် Ivy college တက်လို့ ဘာမှဆိုးကျိုးမရှိပါ။ အဲလိုလူတွေကို ကျွန်တော်ကူညီလမ်းညွှန်ချင်လို့ပါ။ Ivy education တွေကို ဝေဖန် လာရင်ကျွန်တော် ပြန်ဖြေရှင်းဘို့အစီစဉ်မရှိပါ။ Ivy Colleges တွေရဲ့ အားသာချက်/အားနဲချက်(pros and cons) ကို ငြင်းခုန် debate လုပ်ဖို့ ဦးတည်ရေးတဲ့ blog မဟုတ်ပါ။ မလိုသူကျော်သွား လိုသူဖေါ်စားနိုင်အောင်သာ ရေးပါတယ်။
အဲလိုစဉ်းစားမိတဲ့အခါမှာ ဒဲ့ပြောရရင်တော့ မြန်မာထဲမှာ အတွင်းကျကျ ကိုယ်တွေ့ ကို ပြန်ရှင်းပြနိုင်သူ မျိုး မတွေ့သေးဘဲ ကျွန်တော်မှမရေးရင် သိပ်ရေးမဲ့လူမရှိဘူးဆိုတာ မြင်လာပြန်တော့လဲ အများအကျိုးအတွက်ရေးချင်စိတ်ပေါက်လာပြန်ပြီး နောက်ဆုံးခုလိုရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာလို့ ကျွန်တော်က ကိုယ့်ကိုယ်ကို ရေးဖို့ qualify ဖြစ်တယ်လို့ဆိုရသလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကဒီလမ်းကိုသေသေချာချာလျှောက်ခဲ့ပြီး result ကလည်းကောင်းခဲ့တော့ ဘာတွေလိုတယ် လုပ်သင့်တယ်ဆိုတာတွေကို ရိပ်စားမိလာလို့ပါ။ သေချာထပ်ရှင်းပါမယ်။
ကျွန်တော့သမီးဟာ ၂၀၂၀ခုနှစ်မှာ အထက်တန်းကျောင်းပြီးလို့ Stanford University ကိုတက်ခွင့်ရပါတယ်။ ဒါတင်မက Harvard နဲ့ Yale ကလည်းဝင်ခွင့်ရပါတယ်။ သမီးက Stanford ကိုပိုကြိုက်လို့ ကျန်တဲ့၂ခုကိုမယူပါ။Stanford မှာလဲ ကြိုပေးတဲ့ early admission processes နဲ့ဒီဇင်ဘာလထဲက သမီးက အဖြေသိရပြီးသားပါ။ ဆိုလိုတာက ကံကောင်းပြီး Ivy Colleges တွေအကုန်လိုက်လျှောက်ပြီးမှ ကျောင်းတကျောင်းကျောင်းနဲ့ချိတ်သွားတဲ့ကျောင်းသား မျိုးမဟုတ်ပါ။ သမီးရဲ့ CV/ Resume/ application ဟာ strong ဖြစ်ကြောင်းထင်ရှားနေတာမို့ သူတို့( admission officers) ဘာတွေ ကြည့်တတ် လိုချင်တတ်လဲဆိုတာ ကျွန်တော်က နဲနဲ မှန်းလို့ရနေပါပြီ။ နောက်တခုက ကျွန်တော်နဲ့ သမီးကလဲ ၄နှစ်လောက်ကြိုပြီး ၉တန်းတက်ကထဲက ကောလိပ်လျှောက်ဖို့ကို စီမံကိန်းချ, လိုအပ်တာတွေကို လေ့လာ research လုပ်ခဲ့ကြပါတယ်။ အချိန်ပေးမယ် အင်္ဂလိပ်လို ဖတ်မယ်ဆိုရင် ကောလိပ်ဝင်လမ်းညွှန်စာအုပ်, ဆောင်းပါးတွေ ရိုက်သတ်မကုန်အောင်ရှိပါတယ်။ ထိုလိုလူတန်းစားတွေအတွက် ကျွန်တော့ဆောင်းပါးက သိပ်အရေးပါမှာမဟုတ်ပါ။ ကျွန်တော်ကလဲ ထိုလူတွေအတွက်မရည်ရွယ်ပါ။ သိလိုတဲ့မြန်မာမိဘများကိုသာရည်စူးပါတယ်။ ကိုယ်ချင်းစာလို့ပါ။ ကိုယ်တွေ လက်ထက်တုံး ကလဲ စာအုပ်တွေလိုက်ဖတ်, အသိတွေထဲက သမီးထက်အတန်းကြီးသူတွေ top ten university ဝင်သူတွေကို ဘယ်လိုပြင်ဆင်ကြသလဲဆိုတာတွေကိုလိုက်မေးမြန်းစုံစမ်းခဲ့ပါတယ်။ Privacy ကြောင့်နံမည်တော့မတပ်ပါ။ ဒါပေမဲ့ ထိုကျောင်းသူကျောင်းသားလေးများကိုကြည့်ရင်လဲ Ivy ကျောင်းတွေကဘာကို လိုချင် လဲဆိုတာနဲနဲ အိုင်ဒီယာ ရေးရေးလေးရလာပါတယ်။ ဒါပေမဲ့ကြိုပြောပါမယ်။ ဖြတ်လမ်း , အလွယ်လမ်းမရှိပါ။ အဲဒါကိုမှသိချင်ရင်တော့ အချိန်ကုန်ခံပြီး ဒီဆောင်းပါးဆက်မဖတ်ပါနဲ့။ ကလေးကိုယ်နှိုက်က လိုချင်ကြိုးစားမှဖြစ်ပါမယ်။ အားထုတ်ရကျိုးနပ်အောင်သာ ဒီဆောင်းပါးကလမ်းညွှန်နိုင်ပါလိမ့်မယ်။ ထပ်ပြောပါမယ် don’t continue reading this blog if you are expecting to find a short cut for there is none in this blog. သူများထက်ပိုကြိုးစားရပါတယ်။
ကျွန်တော့်စာရေး ဝါသနာကို ခင်သူတချို့သိပါတယ်။ လွန်ခဲ့တဲ့ ၁၅ နစ်ကျော်ကလဲ မြန်မာပြည်မှ ပြည်ပထွက်လုပ်ကိုင်ပညာရှာလိုသူ ဆရာဝန်ငယ်များအတွက်လမ်းညွှန်အနေနဲ့ နိုင်ငံပေါင်းစုံ မှာ ဆေးလောကရဲ့ training and work opportunities ကို နှိင်းယှဉ်ပြပေးထားတဲ့ ဆောင်းပါးရှညိကြီးတခု ၃-၄ပိုင်းခွဲပြီး ရေးခဲ့တာဟာ အသုံးကျတယ်ဆိုပြီး အတော်လူကြိုက်များခဲ့ပါတယ်။ အဲဒီဟာကတော့ အင်္ဂလိပ်လိုပါ။ ” In search of a promised land, the Burmese medical nomads” ဆိုတာ ဂူဂယ်လုပ်ကြည့်နိုင်ပါတယ်။ ခုလဲ ၄ ပိုင်းလောက်ခွဲရေးရပါလိမ့်မယ်။လွတ်လပ်စွာ share နိုင်ပါတယ်။ Cut and paste တော့မလုပ်စေချင်ပါ။ မူလစာရေးသူပျောက်သွားမှာစိုးလို့ပါ။Creditလိုချင်တာထက် facts တွေကို အယူလွဲ, အဓိပ္ပါယ်ကောက်လွဲမှာစိုးလို့ပါ။ share ဆိုရင် လိုအပ်ရင်မူလစာရေးသူက comment တွေကို လိုက်ပြီး ဖြေရှင်းပေးလို့ရသေးလို့ပါ။ အကျိုးမရှိကန့်လန့်တိုက် comment တွေတော့ရှင်းဖို့အချိန်ပေးမှာမဟုတ်ပါ။ အသုံးမတဲ့သူတွေကျော်သွားကြပါ။ facts/ အကြောင်းအချက်များ လိုအပ်မှားယွင်းလို့ ထောက်ပြခြင်းမျိုး ကိုတော့ အချိန်မရွေးကြိုဆိုပြီးမှားနေတာကိုပြင်ဖို့ ဝန်လေးမဲ့သူမဟုတ်ပါ။နောက်ဆုံးတခုကတော့ affirmative action ရဲ့ပံ့ပိုးမှုနဲ့ ဝင်ခွင့်ရတဲ့ နည်းလမ်းကိုတော့ ကျွန်တော် ဒီဆောင်းပါးမှာbeyond the intended scope မို့ဆွေးနွေး ညွှန်ပြမှာမဟုတ်ပါဘူး။
Ivy League ထဲမှာပါတဲ့ ကျောင်းတွေကတော့ Brown University, Columbia University, Cornell University, Dartmouth College, Harvard University, University of Pennsylvania, Princeton University နဲ့ Yale University တို့ဖြစ်ပါတယ်။ အကုန်လုံး Northeast USA မှာရှိပြီး နိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီဘဝမှာ ရှိစဉ်က ဖွင့်ခဲ့တဲ့ကျောင်း ဟောင်းဟောင်းကြီး တွေပါ။ နောက်ပေါက် Stanford University ဟာ Ivy League ထဲမှာမပါပါ။ သူကPalo Alto လို့ခေါ်တဲ့ San Francisco နားကမြို့လေးမှာ ရှိပါတယ်။ သို့သော် ကျောင်းဝင်ခွင့်နှုန်းအနဲဆုံး/အခက်ဆုံးနဲ့ USA ရော ကမ္ဘာမှာပါ စာရင်းပြုစုတိုင်း prestigious အဖြစ်ဆုံးထိပ်ဆုံးမှာ သူတလှဲ့ ကိုယ်တပြန် ရှိနေလေ့ကတော့ Harvard နဲ့ Stanford တို့ဖြစ်ပါတယ်။ Stanford က STEM လို့ခေါ်တဲ့ သိပ္ပံနည်းပညာ တွေမှာနဲနဲပိုအားသာပြီး Harvard က ဥပဒေရေးရာ, နိုင်ငံရေး , liberal arts ဘာသာရပ် တွေမှာနဲနဲပိုအားသာပါတယ်။
Ivy ကျောင်းတွေထဲမှာတင် ဝင်ဖို့ခက်တာနဲ့ prestigious ဖြစ်တာကိုယှဉ်လိုက်ရင် အုပ်စု၂ခုကွဲနေပါတယ်။Columbia, Harvard, Princeton, U Penn နဲ့ Yale က ကျန်တဲ့၃ခုနဲ့စာရင် နဲနဲပိုဝင်ခွင့် ခက်လေ့ရှိပါတယ်။ ပိုPrestigious ဖြစ်တယ်လို့ယူဆခံရ ပါတယ်။ အဲဒီအပြင် Ivy နည်းတူ ဝင်ဖို့ခက်, prestigious ဖြစ်ပြီးနိုင်ငံရဲ့ top 10 schools ထဲမှာပါတယ်လို့ ယူဆခံရတဲ့နောက် ကျောင်း ၂-၃ ခု ကတော့ Massachusetts Institute of Technology ( MIT) , California Institute of Technology ( CalTech) နဲ့ University of Chicago တို့ပဲဖြစ်ပါတယ်။ အဲဒီနောက်top 15 to 20တို့, top 25 တို့ကတော့စာရင်းပြုသူပေါ်တည်ပြီး ဘယ်ကျောင်းတွေပါတယ်ဆိုတာ နဲနဲစကွဲပြားအငြင်းပွားစရာလေးတွေရှိလာပြီမို့ ဒီဆောင်းပါးထဲမှာ မဆွေးနွေးတော့ပါ။ နောက်ဆုံး publicly available data အရ ၂၀၁၈ မှာ ကျောင်းလက်ခံ နှုံးထားတွေကတော့ Stanford 4%, Harvard and Princeton 5%, Columbia and Yale 6%, CalTech and MIT 7%, Brown and U Penn 8%, Cornell 11% တို့ဖြစ်ပါတယ်။
ကောလိပ်ကျောင်းလျှောက်မှု အချိန်ဇယား (timeline)
USA မှာ အထက်တန်းကျောင်းက ၉-၁၂ တန်း ၄နှစ် တက်ရတာ ဖြစ်ပါတယ်။ Freshman, Sophomore, Junior နဲ့Senior နှစ်တွေလို့ ပိုလူအသုံးများပါတယ်။ Top 10/ Ivy College တွေဝင်ခြင်ရင် ၉တန်းထဲက ဘာလုပ်မယ်, ဘာclass/courses တွေယူမယ်ဆိုတာ စဉ်းစားစီစဉ်သင့်ပါပြီ။ အဲလို စီစဉ်မှ တကယ်ပိုအရေးကြီးတဲ့ ၁၁-၁၂တန်းကျရင် ကိုယ်ယူသင့်တဲ့ class တွေယူနိုင်မှာဖြစ်ပါတယ်။ Advanced Placement လို့ခေါ်တဲ့ AP class အနဲဆုံး ၆-၇ခုတော့ high school သက်တမ်းမှာ ယူထားပြီးဖြစ်သင့်ပါတယ်။ ဒါပေမဲ့ တချို့ AP တွေက ယူချင်တိုင်း ယူလို့မရပါဘူး။ Prerequisite class လို့ခေါ်တဲ့ သူ့မတိုင်ခင် အောင်ပြီးသား course တွေရှိရပါမယ်။ ဒါကြောင့်မို့ လိုမယ်ထင်တဲ့ class တွေကို ၉-၁၀ တန်းမှာ ရွေးယူထားသင့်ပါတယ်။ နောက် extracurricular လို့ခေါ်တဲ့ အသင်းအဖွဲ့လှုပ်ရှားမှုတွေ, student government လို့ခေါ်တဲ့ ကျောင်းကောင်စီ တွေမှာပါဝင်လှုပ်ရှားချင်ရင်လဲ ၉တန်းလောက်ထဲက အသင်းဝင်အနေနဲ့ စပါဝင်ထားမှ ၁၁-၁၂ တန်းမှာ ကိုယ်က ခေါင်းဆောင်ပိုင်းနေရာ( leadership position) ကို ဝင်အရွေးခံပြီး ရဖို့ အခွင့်အလမ်းရှိမှာဖြစ်ပါတယ်။
ကျောင်းလျှောက်တဲ့ ဖေါင်တကယ်စဖြည့်, စာစီစာကုံးတင်, အမှတ်စာရင်းတွေ ထောက်ခံစာတွေစပို့ရတာတော့ ၁၂တန်းရဲ့ September- November ၃လလောက်အတွင်းမှာလုပ်ရပါတယ်။ ဒါကြောင့်မို့ အဲဒါတွေကို အချိန်မှီအောင်၁၁တန်းနောက်ဆုံးထားပြီး SAT/ ACT စာမေးပွဲ တွေကိုဖြေထားသင့်ပါတယ်။ စာမေးပွဲတွေက အများဆုံးအခေါက်မှာရတဲ့အမှတ်ကို ရွေးပို့လို့ရတာမို့ ကျောင်းသားအများစုက အဲဒီစာမေးပွဲတွေကို ၂-၃ ခါ ထပ်ထပ်ဖြေကြတာမို့အချိန်ခွာပေးထားသင့်ပါတယ်။ ပုံမှန်အားဖြင့်အဲဒီစာမေးပွဲတွေက တနှစ်ကို ၆-၈ ခါလောက်ကျင်းပပေး ပါတယ်။ကျောင်းလျှောက်ရာမှာ ကျောင်းဝင်ခွင့် စာစီစာကုံးက ၁-၃ပုဒ်လောက်ရေးရတာမို့ ၁လလောက်အချိန်ပေး အိုင်ဒီယာမွေး/ရွေးပြီးခေါင်းထဲမှာ စာစီထား အချိန်ပေးသင့်ပါတယ်။ ၁၂ တန်းရဲ့ ဒီဇင်ဘာ လဆန်းမှာ ဝင်ခွင့် ဖေါင်ပိတ်လေ့ရှိပြီး မတ်လကုန်မှာ ကျောင်းဝင်ခွင့်တွေ ကျေညာလေ့ရှိပါတယ်။ Early Action/Decision စနစ်နဲ့ဝင်လျှောက်ရင်တော့ ကိုယ်လိုချင်တဲ့ကျောင်း ရမရကိုဒီဇင်ဘာလကုန်မှာ သိရပါတယ်။ နောက်ပြီးတော့ ၁၁တန်းအောက်တိုဘာမှာ တနိုင်ငံလုံးကကျောင်းသားတွေ မဖြေမနေရ SAT အငယ်စားဖြစ်တဲ့ PSAT ကိုဖြေရတယ်။ SAT ပြင်ဆင်နေပြီးသားဖြစ်ရင် PSAT ကိုသပ်သပ်ပြင်ဆင်စရာမလိုတော့ဘူး။ PSAT အမှတ်ကို ကြည့်ပြီး ၁၂တန်းမှာNational Merit Scholarship လျှောက်ခွင့်ရှိမရှိကိုလဲ ဆုံးဖြတ်တာမို့ပါ။ ခြုံပြောခြင်တာတော့ ၁၁တန်းနောက်ဆုံးထားပြီး SAT ကို လေးလေးနက်နက်ပြင် ဆင်သင့်ပြီ။ ၁၀ တန်းနွေကစရင်ပိုကောင်းတယ်။