တခါကတဘဝ (၁)-
ဆေးကျောင်းပြီး လှိုင်မြစ်ကမ်းနားမှာ တနှစ်ခွဲဆေးခန်းဖွင့်ပြီးပညာရေးကင်းရှင်းခွင့်လျှော်ငွေ ၃ သောင်း ကိုကိုယ့်ဖာသာရှာခဲ့ပါတယ်။ အဲဒီခေတ်က တလ သုံး လေး ထောင်အသားတင်ကျန်ရင် မဆိုးလှ/အောင်မြင်တဲ့ဆေးခန်းလေ။နိုင်ငံခြားထွက်ရင်အခွန်ကင်းရှင်းကြောင်းထောက်ခံစာထုတ်ပေးအောင်မြို့နယ်ရုံးမှာအခွန်ဆောင်ခဲ့စဉ်ကချလံပါ။ မှတ်မိသလောက်လဘ်မထိုးခဲ့ရပါဘူး ဆရာဝန်ပေါက်စငွေမရှိမှန်းသိလို့လဲဖြစ်လိမ့်မယ်။ဇူလိုင် ၁၉၈၉ ကတဲ့။ ဆေးခန်းပိတ်ဖို့ နိုင်ငံခြားကိုနောက် ၃-၄လမှာထွက်ဖို့ သေခြာသွားချိန်မှာပေါ့။
ဆေးခန်းနံမည်က “သူရိန်” တဲ့။ ၁၉၈၈ မေ မှာ အလုပ်သင်ဆရာဝန်ပြီးတာဆိုတော့ အရေးအခင်းဖြစ်ချိန်မှာဆေးခန်းက ဖွင့်ကာစ။ ည၈နာရီ ကာဖျုးထွက်တော့ ဖွင့်ကာစဆေးခန်းလေးအရှိန်ရအောင် ၇:၄၅ ထိလူနာကြည့်၈နာရီမှာမီးပိတ် အိမ်မပြန်ဘဲ ဆေးခန်းမှာဘဲ ညအိပ်ပစ်ခဲ့တယ်။ နို့မို့ အိမ်၈နာရီအမှီရောက်ခြင်ရင် ၆:၃၀ လောက်ဆေးခန်းပိတ်ရမှာမို့လို့လေ။ လူနာစမ်းတဲ့ကုတင်ပေါ်မှာဘဲ အိပ်ယာခင်းလေးဖြန့်ပြီးအိပ်ပေါ့။ အဲဒီခေတ်က လှိုင်မြစ်ကမ်းပါးရပ်ကွက်တချို့က နဲနဲ ကြမ်းတယ်။ ဆေးခန်းက နှစ်လမ်းလောက်ဘဲမြစ်ကမ်းနဲ့ ဝေးတော့တာ။ အင်းစိန်လမ်းမကြီးကနေဆို အတွင်းကို တမိုင်လောက်ဝင်ရတယ်။ ညတယောက်ထဲရှိတုံး ဓားထောက်ဝင်လုမှာ နဲနဲတော့ကြောက်ပေမဲ့ ငယ်တုံးဆိုတော့ သိပ်ကြာကြာမတွေးပါဘူး။ နဝတခေတ်နောက်ပိုင်းမှာတော့ အဲဒီရက်ကွက်တွေအကုန်ဖျက်ပြီး တိုက်တွေဆောက်တာ့တာပေါ။ ခုခေတ် ဘုရင့်နောင်လိုနေရာမျိုးဖြစ်မယ်ထင်တယ်။ အဲဒီခေတ်က လှိုင်မြစ်ကမ်းနား က လူနေမှုစနစ် ပီပီပြင်ပြင်အဖြစ်မှန်ကို ဖတ်ချင်ရင် မင်းဒင်ရဲ့ “သက်ခိုင်” ဝတ္ထုတွဲကြီးကိုဖတ်ကြည့်ပါ။ ကုခဲ့တဲ့လူနာကတော့မျိုးစုံဘဲ။ တခါတလေ “ဆရာ ဂေါ်လီထဲ့လား” လာမေးတဲ့ သကောင့်သားတွေလဲရှိခဲ့တယ်။ တော်ပါသေးရဲ့ ကိုယ့်လက်ထဲမှာ ဆေးကို allergy ရှိပြီးanaphylactic shock ရတဲ့လူနာမရှိခဲ့လို့။ ဒါမျိုးကကံဘဲ ဆရာဝန် အရည်ချင်း နဲ့မဆိုင်ဘူး ။ ဖြစ်လိုက်လို့ လူနာဆုံးပါးလို့ကတော့ အဲဒီဆေးခန်းနဲ့ဆရာဝန် နံမည်ပျက်ပြီ။
ညပိုင်းဆေးခန်းထိုင်, နေ့ခင်းမှာ ငှက်ဖျားသုတေသန ဌာနမှာ research medical officer ဝင်လုပ် , ရတဲ့အချိန်ပိုလေးမှာ( ည ၁နာရီ ၂နာရီထိ) နိုင်ငံခြားထွက်ဖို့စာဖတ် စနေ တနင်္ဂနွေမှာ အင်္ဂလိပ်စာ ကျုရှင်တက်နဲ့ အတော်လုံးခြာလိုက်ခဲ့ပါတယ်။ အေးမာကတော့ အဲဒီအချိန်မှာ မကွေးမဲထီးလမ်းက သူ့မိဘအိမ်မှာဘဲ ဆေးခန်းလေးပြန်ဖွင့်ပါတယ်။ အဲဒီခေတ်က အစိုးရအလုပ်ဝင်ဖို့လဲမလွယ်, ခုလို ပုဂ္ဂလိကဆေးရုံတွေမရှိ ဝင်လုပ်လို့မရ, နိုင်ငံခြားလဲတန်းထွက်လို့မရတော့ ဆရာဝန်ပေါက်စ အားလုံးလိုလို GP ဖွင့်ခဲ့ကျတယ်။ မြို့ကြီးတွေမှာ ဆေးခန်းတွေပေါလို့နယ်လောက် လူနာမများပေမဲ့ နိုင်ငံခြားထွက်ဖို့ စကထဲက မှန်းထားတဲ့ ဘဦးက အင်္ဂလိပ်စာ, ဆေးစာ ပြင်ဆင်မှုကောင်းအောင် ရန်ကုန်မှာဘဲ ဆေးခန်းဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
တခါကတဘဝ(၂) –
ထိုစဉ်က(၁၉၈၉) နိုင်ငံခြားထွက်တာခုလိုမလွယ်လူသိမများသေးပါ။ စနေတနင်္ဂနွေ ဘန်ကောက် ဘုရားဖူး စျေးဝယ်ထွက်တယ်ဆိုတာ မရှိပါဘူး။ နိုင်ငံခြားတရားဝင်ပေးထွက်တဲ့နည်းကတမျိုးဘဲရှိပါတယ်။ အလုပ်ထွက်လုပ်မှ အလုပ်ခန့်စာရှိမှ ပါတ်စပို့လျှောက်လို့ရပါတယ်။ အဲဒါအတွက်ယုံလောက်ဖွယ်ရှိတဲ့ letterhead စာရွက်တခုနဲ့ခုလိုအလုပ်ခန့်စာအတုရေးရပါတယ်။
နိုင်ငံခြားနဲ့အဆက်သွယ်ရှိသူတချို့ကတော့ ဟိုက ရုံး letterhead စာရွက်တခုကိုခိုးပြီးပို့ပေးလိုကိရင် ဆူးလေဘုရားလမ်းပေါ်က electric typewriter ရှိတဲ့တဆိုင်မှာ ကိုယ်စီထားတဲ့စာကိုသွားရိုက်ခိုင်းရင် အကုန်ကျသက်သာပါတယ်။ အဲလိုအဆက်သွယ်မရှိခဲ့လို့ ဒီစာကို ၅၀၀၀ ကျပ်နဲ့ပွဲစားဆီကဝယ်ခဲ့ရပါတယ်။ အဲချိန်က 1US$=40 Kyats ပေါက်ချိန်ပါ။ ကိုယ်လဲ UK ရောက်ရော Health Authority က letterhead ယူ, ကိုယ့်ဖာသာစာစီနောက်ထွက်မဲ့မြန်မာပြည်ကသူငယ်ချင်းတွေကို ပို့ပေးခဲ့တဲ့ တရားမဝင်မှုတွေကိုလုပ်ခဲ့ပါတယ်။ စာထဲမှာပါတာတို့အလုပ်ခန့်သူဘိုနံမည်တို့က အားလုံးအာကလာပေါ့။ သိရင် အလုပ်ပြုတ် GMC ပြုတ်မဲ့ကိန်း။ အဲတုံးက မျက်ကန်းတစ္ဆေမကြောက်ဆိုသလို အနောက်နိုင်ငံသားတွေရဲ့ စာအုပ်ကြီးတိုင်း တိတိကျကျလုပ်မူတွေကို နားမလည်လို့။ ခုခေတ်လို email လေး Google လေးနဲ့ချက်ခြင်း ထောက်စစ်လို့မရတာလဲပါတာပေါ့။
တခါကတဘဝ(၃)-
ထိုစဉ်က မြန်မာ ပြည်မှ UK ကိုစျေးအပေါဆုံးနှင့်ရောက်လိုလျှင် ဆိုရှယ်လစ်ရုရှားမပြိုကွဲစဉ်က သူ့ National airline Aeroflot သို့ Bangladesh airline Biman ၂ခုဘဲရှိပါတယ်။ service ညံ့တာလဲမပြောပါနဲ့။ Aeroflot က ရန်ကုန်ကအတက်မှာ မင်္ဂလာဒုံစျေးကဆွဲတင်လာပုံရတဲ့ သီးမွှေးငှက်ပျောသီးအနွမ်းတွေဝေတာမှတ်မိတယ်။ လေထဲရောက်တာနဲနဲကြာမှ ဘိုစာစကျွေးတယ်။၁၉၈၉ နိုဝင်ဘာမှာမြန်မာပြည်ကခွာခဲ့တယ်။ ကျောင်းတုံးက ဘိုရူး နိုင်ငံခြားရူးတဦး ဖြစ်ခဲ့ပေမဲ့ အဲတုံးကတော့နိုင်ငံခြားမှာအပြီးနေမယ်လို့ ယတိပြတ်မဆုံးဖြတ်ရသေးပါဘူး။ အိမ်မှာနေလို့မကောင်းလို့ ဝေးရာလွင့်ခြင်တာလဲပါတယ်။
တခါကတဘဝ(၄)-
ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်ခင် အိမ်ထောင်မပြုချင်ဘူးဆိုတဲ့အစွဲကြောင့် နိင်ငံခြားမထွက်ခင်ဘဝမရေရာသေးခင်အိမ်ထောင်ပြုဖို့မကြိုးစားခဲ့တော့ Aye Aye Mar ကမြန်မာပြည်မှာကျန်ခဲ့တယ်။ သူက နကိုထဲက နိုင်ငံခြားမထွက်ခြင်သူ။ TNO တယောက် ၃-၄ နှစ် နိုင်ငံခြား မှာ training ယူ အလုပ်လုပ်ငွေစုပြီးရင် ပြန်လာကောင်းလာမယ်ထင်ခဲ့တဲ့သူ။ ဒါပေမဲ့ TNO တယောက်အင်ဂလန်မှာ PLAB မအောင် စာမေးပွဲတွေကျအလုပ်မရနဲ့ပြန်လာရရင်၂ယောက်လုံးတော့ဒုက္ခဘဲဆိုပြီးသူကအစိုးရအလုပ်ကောက်ဝင်ထားလိုက်တယ်။ အဲတော့ဖေါင်ကြီးတက်ပြီး lesson တွေထဲ့တာခံခဲ့ရတယ်လေ။ လာလက်ထပ်စဉ်မှာသူက ဖေါင်ကြီးပြီးလုပြီးစလေး။ သူ မကွေးဆေးရုံမှာလုပ်နေပြီး မင်းဘူးတိုက်နယ်ဆေးရုံကို မလွင့်ခင်လေး။
တခါကတဘဝ(၅) –
အိမ်ထောင်ကျပြီးသော်လည်းအလုပ်မှပေးမထွက် အကပ်အဆက်အသွယ် မရှိတော့ဟိုးချောင်ဂလောင်ဆင်းရဲလှတဲ့ မင်းဘူးနားက ရွာသာယာဆိုတဲ့ တိုက်နယ်ဆေးရုံလေးမှာပို့ထားခံရတဲ့ Aye Aye Mar ယောက်ကျားနောက်လိုက်ဖို့အလုပ်ပေးထွက်ဖို့အသနားခံစာတင် ဟိုပေးဒီပေးလိုက်ပေးရစဉ်ကစာတချိုံ့။ အဲဒီတုံးက အရမ်းဆင်းရဲတဲ့ဒေသတဲ့။ ဘယ်လိုမှ GP လုပ်ပြီး ပိုက်ဆံမယူရက်တဲ့အခြေနေမို့ GP မဖွင့်ခဲ့တော့ဘူးတဲ့။
တခါကတဘဝ (၆)
ကျောင်းအပြီးနဲ့ UK မထွက်ခင်ကြား ၂နှစ်လောက် မြန်မာပြည်မှာ GP လုပ်, စာဖတ်, research MO ဝင်လုပ် ၃ခုလုပ်ရင်း လှုပ်ရှား ရုန်းကန်ခဲ့ရတဲ့ အဖြစ်တွေကိုတော့ အင်္ဂလိပ်လို အရှည်ကြီး သတ်သတ် ရေးဘူးတယ်။ “ Ghosts of Tagu” ဆိုပြီး ။ နောက်မှ Ba Oo’s Pen မှာဖြစ်ဖြစ် ပြန်တင်ပါအုံးမယ်။ UK မှာနေခဲ့တဲ့ ၃-၄,နှစ် ကာလဟာ ဘဦး အတွက်အလွန်အမှတ်ရဖွယ်ပါဘဲ။ ရောက်ပြီး PLAB မအောင်ခင် တုံးက ရုန်းကန်ခဲ့ရတာတွေကရေးရရင် နောက်တပုဒ်ရမယ်။ ဒါပေမဲ့ PLAB အောင် ၂-၃ပါတ်တွင်း အလုပ်ရပြီးနောက်တော့ တော်တော် ပျော်ဖို့ကောင်းပါတယ်။ နိုင်ငံခြားကို ပထမဆုံးရောက်ဘူး, အလုပ်ရတော့ ဝင်ငွေလဲရှိလာ , ကားတစီးကောက်ဝယ်, အိမ်ထောင့်တာဝန်လဲမရှိသေးတော့ work hard , play hard life style ပါဘဲ။ အမှားတွေလုပ်ပြီး သင်ခန်းစာရခဲ့တာ လဲမနဲဘူး။ US နဲ့မတူတာက အဲဒီခေတ်က UK ဆေးရုံတွေက ဆေးရုံပိုင် housing တွေရှိတယ်။ အထူးသဖြင့် အိမ်ထောင်မရှိသေးတဲ့ junior doctors နဲ့ student nurses ဟာ ဆေးရုံ accommodation မှာနေကြတယ်။ နယ်ဆေးရုံ လေးတွေမှာဆို junior doctors တွေအတွက် single accommodation က free။ တပါတ်တခါ free house keeping တောင်ပါသေး။ အဲတော့ ဆေးကျောင်းအဆောင်နေခဲ့သလိုဘဲ လူစုလို့လွယ်တယ်။ အလုပ်အားရင် စုပြီး hiking ထွက်လိုက်, ပါတီလုပ်လိုက်နဲ့။ mid 90s လောက်မှာတော့ NHS က health authority အစား trust တွေလုပ်, privatize လုပ် တော့ ငွေအရှုံးပေါ်တဲ့ housing တွေကိုဖြုတ်, ချရောင်းတော့ နောက်ပိုင်းJunior doctors တွေ hospital housing မရတော့ဘူး။ နောင်မှာ UK နဲ့ MRCP ကျေးဇူးကြောင့် US ကူးချိန်မှာ residency program ကောင်းကောင်း university program တွေရခဲ့တယ်။ US ရောက်ကာစ က လာမိတာမှားပြီထင်ပြီး UK ကိုလွမ်းခဲ့ပေမဲ့ ရေရှည်သုံးသပ်ကြည့်တော့ UK ကခွာခဲ့တာဟာမှန်နေပါတယ်။ ဘဦးတို့ခေတ်က foreign graduate ကို UK မှာ consultant မဖြစ်အောင် , specialist training ( US ဆိုရင် fellowship ပေါ့) မရအောင် system ကပိတ်ကိုပိတ် ထားတယ်။ နောက်ပိုင်းလာသူတွေမှပွင့်သွားတာ။ UK စလာရာ မှာအဆင်ပြေအောင် ကူညီပေးခဲ့တဲ့ sponsor ပေးခဲ့တဲ့ ကျေးဇူးရှင်ကတော့ ကို(Dr)ဇော်လင်း-မ(Dr)တင်ထားစိန်တို့ဖြစ်ပါတယ်။ PLAB အောင်အပြီး first job ရှာချိန်မှာ လူတခါမှမမြင်ဘူးဘဲ recommendation letter ရေးပေးဖို့သဘောတူခဲ့တဲ့ Peterborough က consultant ဆရာ ခင်မောင်မြင့် ကျေးဇူးလဲမကင်းပါဘူး။
တခါကတဘဝ (၇) –
လူလွတ်ဘဝ အင်္ဂလန်မှာ ရောက်ကထဲကအလုပ်လုပ်ရင်းစာမေးပွဲတွေဒလစတ်ဖြေ လိုက်တာ ၁၉၉၃ ဇန်နဝါရီလောက်မှာ ဖြေစရာမကျန်အောင် အောင်သွားခဲ့ပြီ။ MRCP ပြီးပြီ။ PLAB အောင်ပြီးသားတောင် English တိုးတက်အောင် သွားတက်တဲ့ class ကပါလိုက်သေး။ အဲတုံးက 85batch တွေတော့စ MRCP ပြီးနေပြီ။ 86 တွေမပြီးသေး။ 87 batchမှာတော့ကွီးအရင်ဆုံး MRCP ပြီး( ဤကားအရှက်မရှိအသလွတ်ကျော်ငြာဝင်ခြင်း). အဲဒီခေတ်က GMC ကfull registration ပေးတာလဲ အရမ်းကျပ်ထားတယ်။ Conjoint exam ဆိုတဲ့ LRCP,MRCS အောင်ရင် GMC က British graduate နဲ့တန်းတူသတ်မှတ် ပြီး full registration တန်းရတယ်ဆိုလို့ အဲဒါ လဲဝင်ဖြေလို့အောင်ပြီးပြီ။ FMGEMS/FLEX ( ခုခေတ်USMLE 1,2,3) အကုန်ပြီး အမေရိကားထဲ အင်တာဗျုးတွေဝင်ပြီး ၁၉၉၃ဇူလိုင်မှာစမဲ့ အမေရိကန်residency အလုပ်ကလဲလက်ထဲ မှာ သေချာလက်ကိုင် ရထားပြီ ဆိုတော့ ၁၉၉၃ မတ်လထဲမှာ ပြည်တော်ပြန်၍ မိန်းမတောင်းသည်ပေါ့။ ပြသနာကတော့ အာမေးကအဲချိန်မှာ in service ဖြစ်နေလို့ ချက်ခြင်းမလိုက်လာနိုင်ခဲ့ဘူး။ ၁၉၉၅မှထွက်ခွင့်ရတယ်။ ကြားထဲမှာ ၁၉၉၄ မှာတော့ တော့ခဏ ခွင့်နဲ့ USA ကို လာလည်တယ်။ Abscond မလုပ်ရဲတာနဲ့ အသားနားခံ ထွက်ခွင့်တောင်းမယ်ဆိုပြီးခွင့်ကုန်တော့ပြန်သွားတယ်။ ကွီးကအဲဒီအချိန် ၁၉၉၃-၉၆ နယူးယောက်မှာ residency လုပ်နေတယ်။ USA မှာအခြေကျလို့ တမိသားစု လုံး UK သွားလယ်တဲ့ ၂၀၁၄ ကျမှဘဲ အေးမာက UK ပထမဆုံး ရောက်ဘူးတော့တယ်။
တခါကတဘဝ(၈)
New York မှာ ၃နှစ် residency 1993-96 လုပ်ခဲ့တယ်။ ကြွက်တွေ ပိုးဟပ်တွေနဲ့ တိုက်ခန်းတွေမှာနေခဲ့တယ်။ Mug လုပ်ခံရလို့ မျက်နှာ ဖူးရောင်တာလဲခံရဘူးတယ်။ လက်သီးဘဲထိုးခံရပြီး ဒါးနဲ့မထိုးခံခဲ့ရတာကံကောင်း။ Empire State Building မှာအေးရဲ့ ပိုက်ဆံအိတ်လဲ ခါးပိုက်နှိုက်ခံရဘူးတယ်။ UK လို နိုင်ငံက စကားတခွန်းပြောတိုင်း please ၂ခါထဲ့ပြောတာနားယဉ်ခဲ့ရကနေ brash attitude New Yorkers တွေနဲ့တွေ့လို့လဲ culture shock ရခဲ့တယ်။ လင်မယား ၂ယောက် ပလတ်စတစ် ပုလင်းခွံတွေကို recycle မှာပြန်သွင်းပြီး $2-3 လောက်ပြန်ရရင်လဲပျော်ခဲ့ဘူးတယ်။ HIV လူနာကို central line အထဲ့မှာ needle stick injury ရပြီး ကိုယ်များ (+) ဖြစ်မလားလို့ ၂-၃ လလဲစိတ်ညစ်ခဲ့ရဘူးတယ်။ residency ပြီးတော့ ကွီးက fellowship ဆက်တက်ချင်တယ်။ အင်ဂလန်မှာ၃-၄နှစ်လုပ်ပြီးရက်နဲ့ အနစ်နာခံပြီး USA မှာ ဟောက်ဆာဂျင် ပထမနှစ် တစ်ကပြန်စတာရော, ဟိုးမြန်မာပြည်ကထွက်ကထဲကရော specialist ဖြစ်ချင်လို့ထွက်လာတာလေ။ Residency ဘဝက research လုပ်လို့ Nephrology journal လေးတခုမှာလဲ paper ထွက်ပြီးသား။ လက်ထဲမှာလဲ Yale university က nephrology fellow offer ရပြီးသား။ ဒါပေမဲ့အဲ့ချိန်မှာအိမ်ထောင်ကလဲကျပြီ။ trainee ဘဝနဲ့ဆို တချိန်လုံးstay/visa မသေချာတော့စိတ်တထင့်ထင့်။ trainee ဘဝဆိုတော့ stipend ဘဲလခလိုရတာဆိုတော့ဘာမှလဲစုပြီးဆောင်းပြီးသားမရှိ။ မြန်မာပြည်ကထွက်လာတာသာ၇-၈ နှစ် ရှိပြီ ဘဝကမရေရာ။ ကျောင်းပြီးကာစ မြန်မာပြည်ကညီမတွေကလဲ US မှာကျောင်းလာ တက်ချင်။ အေးကလဲ မြန်မာပြည်က ရောက်လာကာစ USMLE course ကျုရှင် တွေတက်ဖို့ငွေလိုတယ်။ သူက ဟိုးမင်းဘူးနားက တိုက်နယ်ဆေးရုံက အလုပ်ထွက်လိုက်လာတာဆိုတော့ စာမေးပွဲအတွက် ပြင်ဆင်ထားမှုအရမ်းအားနဲနေတယ်။ ကိုယ့်ဖာသာဖတ်ဖြေရင် ဘယ်လိုမှ အောင်ဖို့မလွယ်ဘူးဆိုတာ နှစ်ယောက်သား သဘောပေါက်လာလို့။ အဲလို ဆိုတော့ ရပြီးသား fellowship ကို လက်လွှတ်ပြီး green card လျှောက်ပေးမဲ့ ဆရာဝန်ရှားပါးနယ်မြေက လခပိုများတဲ့ GP/Internist အလုပ်တွေဘဲဘဦး ပြောင်းရှာခဲ့တယိ။ ဒီလိုနဲ့ လူဦးရေ ၆၀၀၀ လောက်ဘဲရှိတဲ့ မစ်ချီဂန်က Lapeer ဆိုတဲ့ရွာသာသာ မြို့သေးသေးလေးကို လင်မယား နှစ်ယောက် ရောက်လာခဲ့တယ်။ အလုပ်စစဉ် July 1996 က ဆေးရုံက မြို့ကသတင်းစာထဲမှာ ကျော်ငြာထဲ့ပေးခဲ့တာလေး newspaper cutting လေးပြန်တွေ့လို့တင်ပေးလိုက်တယ်။ စာသားက ဘယ်လိုစီ လိုက်လဲမသိ Rangoon University က ဘွဲ့ရခဲ့သူဖြစ်နေတယ် LOL. ၃ နှစ်အနဲဆုံးလုပ်ပါမယ်လို့ ခံဝန်ချက် ထိုးခဲ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်မှတ်မှတ်ရရ – ၁၉၉၆ ဇူလိုင်-ဩဂုတ် မှာ USA က summer Olympics ရဲ့အိမ်ရှင်နိုင်ငံ ဖြစ်နေလို့ ဘဦးရဲ့ ဓာတ်ပုံနဲ့ကပ်ရက် သတင်းက အိုလံပစ်အကြောင်း။
တခါကတဘဝ(၉)-
၁၉၉၉မှာ GP လုပ်ပေးတာ၃နှစ်ခံဝန်ချက်လဲပြည့် green card လဲရပေမဲ့ dilemma အကြီးကြီးပေါ်လာတယ်။ အလုပ်ဘဲဆက်လုပ် ငွေရှာတော့မလား ကျောင်းကထဲကဖြစ်ချင်ခဲ့တဲ့ အထူးကု training ( fellowship )လမ်းကိုပြန်ဝင်ဘို့ကြိုးစားမလားဆိုတာပေါ့။ fellowship ပြန်သွားရင် sacrifice လုပ်ရမှာတော့မနဲဘူး။ ရတဲ့နေရာသွားရမယ်ဆိုတော့ မိန်းမနဲ့တခါထပ်ခွဲနေရမယ်။ အာမေးကအဲဒီနှစ်မှာဘဲ residency training ကို Flint ဆိုတဲ့ မစ်ချီဂန်မြို့မှာ ၃နှစ်ရလိုက်တော့ ရွှေ့မရဘူး။ အဲဒါလေးရအောင်တောင်မနဲကြိုးစားထားရတာ။ ကလေးလဲမယူရသေးဘူး။ fellowက ဟောက်ဆာဂျင်အကြီးစားလိုပြန်ဖြစ်သွားတော့ ခိုင်းဖတ်ပြန်ဖြစ်မယ် အလုပ်များမယ် လခက stipend ဘဲပြန်ဖြစ်သွားမယ်။ New Yorkမှာ research paper လုပ်ထားခဲ့တဲ့ Prof ကထောက်ခံပေးလို့ fellow position ကတော့ University of Minnesota မှာရသွားတယ်။ လင်မယား၂ယောက်တိုင်ပင်ကျပြီး fellow လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ အဲတုံးကအသက်ကလဲနဲနဲငယ်တော့မဆင်မချင်လုပ်ခဲ့တာခုမှပြန်တွေးပြီးအသဲထိတ်တယ်။ Minneapolis နဲ့Flint ကမိုင်၆၀၀လောက်ဝေးတယ်။ သောကြာညနေအလုပ်ပြီးရင် ၁၂နာရီစာလောက်ညလုံးပေါက်ကားမောင်းပြီးမိန်းမဆီလာတယ်။ စနေမနက် ၆-၇နာရီလောက်အိမ်ရောက်ရင်ထိုးအိပ် ညနေ ၅-၆နာရီလောက်ထ, စနေညနေမိန်းမနဲ့နေ, စနေညပုံမှန်အိပ်ရာဝင် တနင်္ဂနွေ မနက် ၇နာရီလောက်မှာ Minneapolis ကို ၁၂နာရီစာကားပြန်မောင်း တနင်္ဂနွေညပုံမှန်အိပ်ပြီး တနင်္လာနေ့အလုပ်ပြန်ဝင်ကိုယ် oncall မကျတဲ့အပါတ်တွေမှာ တလ ၁-၂ခေါက်ပြန်လာတယ်။ သောကြ်ာနေ့ညလုံးပေါက်ကားမောင်းချိန်မှာ မနက်၂-၃နာရီလောက်မှာ ငိုက်ပြီး လမ်းဘေးချောက်ထဲကား ၃-၄ခါဆွဲသွားဘူးတယ်။ ၂ခါလောက်လဲတခြားကားနဲ့ accident ဖြစ်မလိုဖြစ်ဘူးတယ်။ Fellow ပြီးလုမှာ director ကခေါ်တွေ့တယ်။ Academic လိုက်ချင်လား practice သွားမလားပေါ။ Academic သွားချင်ရင်ရေခံမြေခံကကောင်းတယ်။ Department head Dr Hostetterက ASNရဲ့ president ။ Harvard/MGH မှာ Dr Brenner အောက်မှာလုပ်လာတော့ တနိုင်ငံလုံးမှာ connection တွေအများကြီး ဒါပေမဲ့ကိုယ်ကလဲလိုအပ်ချက်တွေတော့ပြည်စုံရမှာပေါ့။ နောက်၂နှစ် department မှာ research fellow ဆက်လုပ်ပြီးရင် ဘယ်academic program ကဘဲဖြစ်ဖြစ်ကွီးကို as a faculty/assistant professor လက်ခံလာစေရမယ်တဲ့။ ဒီတခါတော့ကွီး selfish မဖြစ်နိုင်တော့ပါဘူး။ အသက်က ၃၇ရှိပြီ အိမ်ထောင်ကျတာ ၈နှစ်ရှိပြီ ခုထိကလေးမယူနိုင်သေးမြန်မာပြည်ကထွတ်လာတာ ၁၁နှစ်ရှိပြီ ခုထိ apartment မှာနေကြရတုံး။ အဲဒါတွေအားလုံးစဉ်းစားပြီး thanks but no thanks လို့ director ကိုပြော clinical fellowship နဲ့စခန်းရပ်ပြီး private practice ကိုပြန်လာခဲ့ပါတယ်။
တခါကတဘဝ (၁၀)-
နောက်ဆုံးတော့ ၂၀၀၁ မှာကွီး clinical fellowship ကို အပြီးဖြတ်ခဲ့ပြီး မိန်းမရှိတဲ့မြို့ပြန် private Nephrology practice တခုမှာစဝင်လုပ်ခဲ့ပါတယ်။ ၂၀၀၃ မှာ အခုနေတဲ့မြို့ကိုပြောင်းခဲ့ပါတယ်။ အိမ်လဲ ဝယ်လိုက်နိုင်ပါတယ်။ ၂၀၀၂ မှာတော့ သမီးလေး Hannah လောကကြီးထဲကိုရောက်လာချိန်မှာတော့ ကွီးအားလုံးပြည့်စုံသွားပြီလို့ တသက်တာမှာ ပထမဆုံးစခံစားရနိုင်ပါတော့တယ်။ တခုဘဲစိတ်မကောင်းတာတော့ ကလေးယူချိန်မှာ လင်မယား၂ယောက်လုံးက အသက်၄၀နားကပ်နေတော့ Hannah အတွက်နောက်ထပ် sibling မရတော့တာပါဘဲ။ အဲဒါကလွဲလို့ကတော့ သူကံကောင်းပါတယ်။ training ပြီးသွားပြီဆိုတော့မိဘ၂ယောက်လုံးကနဲနဲပ်ုအားပြီးသူ့ကို ပိုအချိန်ပေးနိုင်ခဲ့ပါတယ်။ ခုဆိုရင်သူ ကောလိပ် တက်ဖို့ အိမ်ကထွက်သွား တာ တနှစ်ခွဲရှိသွားပါပြီ။ သွားကာစကတော့ ဟာတာတာ ကြီးပေမဲ့ ခုတော့ နဲနဲ ကျင့်သားရလာပါပြီ။ ဒီနိုင်ငံမှာတော့ကောလိပ်ပြီးရင်လဲ အလုပ်ကိုင်နဲ့သူ့ဖာသာခွဲနေဖို့များ ပြီး အိမ်ပြန်လာဖို့နဲပါတယ်။ ဘဝဆိုတာဒီလိုပါဘဲလေ။ အသက်တွေလဲကြီးလာပါပြီ။ နောက်၅-၆နှစ် လောက်ဆိုရင် ကျွန်တော်တို့ သက်ပြည့်ပင်စင်ယူတော့မလားလို။ လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်ကစပြီး မြို့နားမှာ ဘုန်းကြီးကျောင်းလေးဖြစ်လာတော့ ကျောင်းအတွက် ဝေယျာဝစ္စ နဲနဲ အချိန်ပေးဝင်ကူညီ ကုသိုလ်ယူပါတယ်။ အေးကတော့ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ပြီး နေ့တိုင်းလိုလို zoom ပေါ်ကနေ ဝတ်ရွတ်တရားထိုင်တဲ့ အဖွဲ့နဲ့ ကုသိုလ်တွေယူနေပေမဲ့ ဘဦးကတော့ ညဏ်စင်နုသေးပြီး ရှုတ်ထွေးလှတဲ့ လောကီကိစ္စတွေမှာ နစ်မြောတုံးဘဲ။ အတူနေတဲ့အမေကလဲ၈၆ နှစ် ဆိုတော့မကြာခင်မှာသူအထူအထအကူညီပိုလိုလာတော့မယ်။ Life is what happens to you while you are making other plans တဲ့ John Lennon က သူ့သီချင်းထဲမှာဆိုခဲ့ပါတယ်။ It is so true my man Johnny boy. ၁၉၈၉ မြန်မာပြည်ကထွက်လာထဲက အဖြစ်အပျက်တွေ ဘာမှ မကြာသလိုရှိပေမဲ့ ၃၃နှစ်ရှိပါပြီ။ တွေ့ ဆုံကြုံကွဲ ခဲ့ရသူတွေလဲမနဲတော့ဘူး။ ဒီနောက်ဆုံး ၂နှစ်အတွင်းမှာ ကိုဗစ်နဲ့ နွေဦးတော်လှန်ရေးကြောင်း မုန်တိုင်းထန်နေခဲ့ပေမဲ့ ဒီမုန်တိုင်းလဲတချိန်တော့ စဲမှာပါ။ အသက်ကြီးလာတော့ တခါတလေ this too shall pass လို့လဲ မြင်လာမိတယ်။ ပံ့ပိုးတာကတော့ ဆက်ပံ့ပိုးမှာပါ။ အားလုံးချမ်းမြေ့ကြပါစေ။
Processed with VSCO with c1 preset